Monday, February 9, 2009

ဗိုလ်အောင်ဆန်းသီချင်း

ရဲဘော်တို့ ..
ကြပ်ပြေးက မင်းတို့ ပထွေးတွေ နှိပ်စက်လို့ တိုင်းပြည်က ဖွတ်သထက်ညစ်နေပြီ။ ငါ့လည်း နှိပ်ကွပ်ထားလို့ ကြာရင် “အောင်ဆန်း” ဆိုတာ လူမိုက်လုံးလုံးကြီးလို့ နောင်လာနောင်သားတို့ ထင်ကုန်ကြရော့မယ်။ လာမဲ့ (၁၃.၀၂.၂၀၀၉) သောကြာနေ့ဆို ငါ ၉၄ နှစ်ပြည့်ပြီ။ မေ့နေမှာစိုးလို့ အီးမေးလ်ကနေ သီချင်းတစ်ပုဒ် ပို့လိုက်တယ်။



MusicPlaylist
Music Playlist at MixPod.com




အေးကွယ် .. သီချင်းက ဆိုရဲတဲ့သူ မရှိလို့ တီးလုံးချည်းပဲ တီးလိုက်ရတယ်။ အဆိုတော်တွေက မဆိုရဲကြရှာဘူး မောင်တို့။ ငါ့ အကြောင်း ဆိုမိရင် ဟိုထဲမှာ သွားဝါဆိုနေရမှာ ကြောက်ကြလို့တဲ့။ ရဲဘော်တို့လည်း မဆိုရဲရင် တီးလုံးဘဲ နားထောင်။ စာသားကိုတော့ စိတ်ထဲကဘဲ လိုက်ရွတ်ကြပေါ့။ အောက်မှာ တစ်ခါတည်း ထည့်ပေးလိုက်တယ်။ နေ့တိုင်း နေ့တိုင်း သေချာနားထောင်ပြီး တပ်မတော်ရဲ့ အဖေနဲ့ ပထွေးကို သေချာ ခွဲခြားတတ်ကြပါစေကွယ်။

(မင်းတို့ရဲ့အဖေစစ်စစ်-အောင်ဆန်း)



ဗမာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ်၊ တကယ်ဘဲ အသက်နဲ့လဲလို့ ဆင်းရဲ ဒုက္ခခံကာ ကြံစည်တယ်၊ သူရဲကောင်းနဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်။

ဗမာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ်၊ တကယ်ဘဲ အသက်နဲ့လဲလို့ ဆင်းရဲ ဒုက္ခခံကာ ကြံစည်တယ်၊ သူရဲကောင်းနဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်။


ငါတို့ဗမာပြည် အမိအဖတိုင်းကကွယ်၊ ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မွေးရမယ်။ ငါတို့ဗမာပြည်ဝယ် အမိအဖ အပေါင်းတို့ကကွယ်၊ အာဇာနည် အစစ်ကို တို့တတွေ မွေးရမယ်။

သြော် … ဘုရင့်နောင်နဲ့ ရာဇဓိရာဇ်တို့လို မင်းရဲကျော်စွာ ပမာပုံနှယ် အလောင်းဘုရားတို့လိုကွယ်၊ ဗမာတိုင်း ဗမာမျိုး၊ အားကိုး လောက်ပေတဲ့ မကြောက်တမ်း၊ မရွံ့တမ်း၊ ဗမာတွေ အောင်ပန်း ဆွတ်ရှာလေတယ်။

ရာဇ၀င် အတ္တုပတ္တိလည်း ရှိရမယ်၊ မော်ကွန်းလည်း ထိုးလောက်တယ်၊ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်။
ရာဇ၀င် အတ္တုပတ္တိလည်း ရှိရမယ်၊ မော်ကွန်းလည်း ထိုးလောက်တယ်၊ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်။
တိုင်းပြည်အကျိုးစွန့်ခဲ့တဲ့ အများဇာနည်နွယ်၊ လွတ်လပ်ဖို့ ဒို့အများကို စွန့်စားကာကယ်၊ ဒို့ဗမာတွေ စိုးမိုးဘို့ မျှော်ကြရှာလို့ ပေါ်လာတယ်။


ဗမာနိုင်ငံ ထူထောင်ရန်နဲ့ မျိုးရိုးမတိမ်အောင် ကြံဆောင်လေတယ်။ နေမျိုးသာကီ၊ ဗမာပြည်လက်ရုံး ဗမာနိုင်ငံ အလုံး ထင်ပေါ်စေတယ်။ စိတ်အားသန်သန် မာန်ကိုမလျှော့တယ်၊ ငါတို့လူမျိုး တန်ခိုးရှိဘို့ သူရဲကောင်းတွေ စုံညီတယ်။ တကယ်ပင် သတိုးမဟာဗန္ဓုလနှယ်၊ စွမ်းသတ္တိရာဇ၀င်ပြောင်တယ်၊ သားကောင်းများတို့ ခေါ်ရလောက်ပေတယ်၊ ဥဒါန်းတွင်စေဘွယ် ဗမာသူရဲကောင်းအပေါင်းတွေရယ်။

ရာဇ၀င် အတ္တုပတ္တိလည်း ရှိရမယ်၊ မော်ကွန်းလည်း ထိုးလောက်တယ်၊ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်။
ရာဇ၀င် အတ္တုပတ္တိလည်း ရှိရမယ်၊ မော်ကွန်းလည်း ထိုးလောက်တယ်၊ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်။ တိုင်းပြည်အကျိုးစွန့်ခဲ့တဲ့ အများဇာနည်နွယ်၊ လွတ်လပ်ဖို့ ဒို့အများကို စွန့်စားကာကယ်၊ ဒို့ဗမာတွေ စိုးမိုးဘို့ မျှော်ကြရှာလို့ ပေါ်လာတယ်။

(မှတ်ချက် - အစိမ်းရောင်စာသားများ သေချာမသိ၊ သိသူများ ပြင်ပေးကြပါ)

Music - FL Crazy

Read More...

Saturday, January 31, 2009

CASTING CALL

Project: THE PHILANTROPIST

Company: CARNIVAL TELEVISION and NBC/UNIVERSAL
Genre: TV series total 8 Episodes
Location: South Africa, Cape Town
Dates: 19th February - 4th March 2009
Director: Ed Fraiman

Episode: Episode Two - "MYANMAR"
Confirmed Lead Cast:
James Purefoy as "Teddy Rist".
Neve Campbell as "Olivia Rist".

We are casting for the characters below:

FEMALE (40 years old) DAW AUNG SAN SUU KYI - the real life Prime Minister elect who is a prisoner in her own country as the Generals have control. Aged in her 60's she looks in her 40's very petite, has an inner beauty. Nobel prize winner (her son collected it as she wouldn't leave her Country). We are not looking for a look a like - it's the essence that is important. She went to Oxford University and married a British academic and lived in the UK for many years - hence her accent is more British. A couple of scenes 63 lines.

GUEST LEAD

MALE (late 40s) GENERAL WIN - Late 40's very tough and difficult to dealwith has some confrontational scenes with our hero Teddy Rist. Has about 3 scenes 50 lines- we see him in Prison at the end of the episode.

GUEST LEAD

MALE (in his 20s) SAW MAUNG - Driver who happens to pick up Teddy. Totally out for himself and won't put himself in danger. Would sell his sister if he could. Should be able to drive. about 8 scenes 37 lines.

GOOD ROLE

MALE (in his 30s) THANG - Peasant who works in the Ruby mine, his 12 year old daughter is sick in the hospital 7 scenes 7 lines some in Burmese

MALE (in his 40s) KHIN - RUBY MINE MANGER - Tough and totally in Control - has one scene with TEDDY about 12 lines

MALE (in his 40s - 50s) GENERAL NYO - Above Win and just as threatening. One scene 20lines

Actors applying should have a valid passport and be ready to travel.Knowledge of the Burmese language is a great advantage.

Actors who are of Burmese nationality should also state that clearly in their submissions.

Please submit a recent headshot along with an updated CV and links to your downloadable showreel to ling@fly.com.sg

Only shortlisted candidates will be contacted for an audition.

Lim Hui Ling
Senior Manager, Artiste Management
Casting Director / New Talent Development

Fly Entertainment Pte Ltd
133 Neil Road S 088862
Tel: +65 62243188
Fax: +65 62242388
Hp: +65 97378434
Website : www.fly.com.sg

GST/Co. Regn No: 2000-03990-M
Fly Entertainment - Artiste Management in Singapore Asia Actors Asian Actresses Asian Idols

Source: www.fly.com.sg

Fly Entertainment is Singapore\'s Leading Artiste Management Company that exclusively represents Asia Actors, Asian Actresses and Asian Idols in the local and regional entertainmnet scene.


Read More...

Sunday, December 28, 2008

ရသလျှာရှည်

ဘလျှာရှည်ကား သက်ပြင်းတစ်ချက်ချလိုက်၏။ ထိုနောက် သက်ပျော့တစ်ချက်ကို ရှိုက်သွင်းလိုက်သည်။ ပြီးသော် သက်ဖိုတစ်ချက် ပြင်းစွာ မှုတ်ထုတ်၍ သက်မတစ်ချက် ချည့်နဲ့စွာ ရှူထည့်ပြီးသကာလ လက်ပိန်နှစ်ချောင်း ရှေ့ထောက်ကာ ကိုယ်ကိုင်း၍ အားယူ ထလိုက်သည်။ မာဆတ် မသွားနိုင်တော့သဖြင့် နာတတ်နေပြီဖြစ်သော အလိုက်မသိလွန်းသည့် ခါးကို ဖြေးညင်းစွာ ပြန်ဆန့်ပြီးနောက် ဘယ်ခြေထောက်ကို ဖြေးညင်းစွာ စလှမ်း၏။ ရှေ့သို့ ခြောက်လှမ်းမျှ လှမ်းပြီးနောက် ရပ်လိုက်သည်။ မရပ်လို့ မဖြစ်တော့။ ရှေ့မှာ ၀ါးထရံ ပိတ်နေမင့်ကိုး။ သို့ဖြင့် အနောက်သို့ ၁၈၀ ဒီဂရီ ပြန်လှည့်ကာ ယခင်နည်းအတိုင်း ပြန်လျှောက်သည်။ ခြေလှမ်း ငါးလှမ်းစာမျှ လှမ်းပြီးသည်နှင့် နဂိုနေရာသို့ ပြန်ရောက်လာသည်။ တဖန်ပြန်လှည့်ကာ ခြေစလှမ်းမည်ပြုသော် အတွေးတို့က ခေါင်းထဲ ဆွဲမခေါ်ဘဲ ၀င်လာပေသည်။

“ နို့ .. ခုနက ခြောက်လှမ်း လှမ်းတယ်။ ခု .. ဖြင့် ငါးလှမ်း၊ .. ဘယ်ကနေဘယ်လို တစ်လှမ်းပျောက်သွားပါလိမ့် ” ဟု နက်နဲစွာ တွေးမိ၏။ မျက်ခုံးတွန့်၍တွေးသည်၊ မျက်ခုံးကို ပြန်ဖြန့်ပြီးစဉ်းစားသည်။ နောက်တော့မှ သူသဘောပေါက်သည်။ ဒုတိယတစ်ခေါက်မှာဖြင့် ကြမ်းက အပေါက်ကြီးကို ကျွံမှာစိုး၍ အမြန်ကျော်လှမ်းလိုက်သည်ကိုး။ သို့ဖြင့် တစ်လှမ်းစာ ပျောက်သွားခြင်းဖြစ်မည်။ ဖြစ်တတ်တာပဲဟု ဖြေသိမ့် လိုက်၏။ သို့နှင့် တစ်ဆက်တည်း အတွေးထဲ ၀င်လာပြန်သည်က ကြမ်းပေါက်တောင် ပြန်မဖာနိုင်၊ မပြင်နိုင်သည်မှာ အတော်လေး ကြာခဲ့ ပြီဆိုတာဘဲ။ အစုတ်အပြတ် အဟောင်းအနွမ်းတို့ဖြင့်သာ အတိပြီးကုန်သော မိမိပတ်ဝန်းကျင်သေးသေးလေးကို ဘယ်နှစ်ကြိမ်မြောက် မှန်းမသိ ဝေ့၀ဲကာ ကြည့်မိပြန်သည်။ ရှေ့နောက် ၀ဲယာ၊ ဘယ်ညာတောင်မြောက်။

မျက်လုံးများက ဝေသီသီ ဝေ့သဲသဲ၊ နှာခေါင်းပေါက်အစုံမှ ပျော့တွဲတွဲ ပျစ်ချွဲချွဲ နှပ်မစင်ရည်များက ဆောင်းလေတစ်ချက် ပစ်အတိုက်မှာ ခပ်ငိုက်ငိုက် သွယ်ဝိုက်ကာ စီးကျလာသည်။ သို့ဖြင့် အိပ်ကပ်ထဲရှိ ထရိတ်ဒါးဟော်တယ်က အလစ်နှိုက်လာသော လက်ကိုင်ပုဝါကို ထုတ်ကာ အသာသုတ်၏။ ပြီးသော် နှုတ်မှ တိုးတိုးလေး ရေရွတ်လိုက်သည်။

“ ဘလော့လောကကြီး ဘာတွေဖြစ်ကုန်ပြီနည်း ..... ?

လေးစားရပါသော စာရှုသူ..။ ကျွန်ုပ် ရူးသွားပြီဟု အထင်မရောက်နှင့်ဦး။ “ရသ” စာပေဆိုတာ ဒီလိုမျိုးလားဟု ကြိုးစား၍ ရေးကြည့်မိခြင်း သာ။ ရေးသာရေးသည်။ မသိ၊ မတတ်သဖြင့် အပြီးသတ် ဆက်ရေးရန် မဖြစ်ချေတော့။ ဘဇာကြောင့်နည်း။ ရှင်းပါအံ့။

လွန်ခဲ့သောအချိန်တွေက ကျွန်ုပ်မှာ ကမ္ဘာ့စီးပွား ပျက်ကပ်ဒဏ်ကို အလူးအလဲခံနေခဲ့ရသည်လေ။ သို့ကလိုကြောင့် ဘလော့ဘက် မလှည့် နိုင်၊ အမေရိကားတွင် စတော့ရှယ်ယာ အိတ်ချိန်းတွေ ကမောက်ကမ ဖြစ်ကုန်သည်ဆို၏။ ထိုစတော့ရှယ်ယာ အိတ်ချိန်းတွေ ကမောက်ကမ ဖြစ်၍ မိမိတို့ တိုက်နယ်လေးရှိ အစိုးရဆက်သွယ်ရေး တယ်လီဖုန်း အိတ်ချိန်းလည်း ကောင်းလိုက် ပျက်လိုက် ဖြစ်နေ၏။ အစိုးရမင်းများ ပြောတာကတော့ ဒါတောင် သူတို့ တော်လွန်း၍ ဒီလောက်ဘဲ ဖြစ်တာတဲ့။ နို့မို့ဆို နစ်လိုက် မြုပ်လိုက်တောင် ဖြစ်ဦးမှာတဲ့။ ရွာဦးကျောင်း ဆရာတော်တောင် ဘုရားပြီးလျှင် သူတို့ကို တစ်ဆက်တည်း ကန်တော့ရင် ကောင်းမလား စဉ်းစားနေပြီဆိုသည်။

အမေရိကားက လေးမန်းအင်ဘရားသား ကုမ္ပဏီကြီး ကွဲသည်။ အကျိုးဆက်အားဖြင့် ရွာက အင်တာနက်လည်း ခဏခဏ ကျကွဲပြီး ပျက်နေသည့် အချိန်သာများသဖြင့် ကျွန်ုပ် မဘလော့နိုင်ခြင်းသာ။ ဟော .. အခု အင်တာနက် အကွဲကြီး ပြင်ဆင်ပြီး၍ လှေကားထောင် တက်ကြည့်သော်၊ ဘလော့အကယ်ဒမီ ပေးပွဲကြီးနှင့် ဆိုက်ဆိုက်ကြီး တိုးလေတော့သည်။ နွားငတ်နှင့် ကောက်ရိုးပုပ်တွေ့သည့်နှယ် ကျွန်ုပ်ကား ထိုပွဲကြီးကို အငမ်းမရ ထိုးဟပ်တော့၏။ (တလောက မစ်(စ်)ငထက်ပြားဖမ်းပွဲကြီး အကြောင်း သူများ ဖေါက်သယ်ချ၍ လာပြန်ပဟ ဒီတစ်ခါ ဘာပွဲလဲဟဲ့ဟု စိတ်ဝင်စားမိခြင်းဖြစ်သည်။) ဟပ်သာဟပ်၊ ကောက်ရိုးနှင့် နှုတ်သီး အလွဲကြီးလွဲသော အကောင်နှယ် ကျွန်ုပ်မှာ ဆန့်ငင်ဆန့်ငင် စဖြစ်ရသည်။ သို့သော် စိတ်ဘ၀င်ကား ချက်ချင်း အပေါ်သို့ မြောက်ကာ တက်သွားချေသည်မှာ ဦးကျော် ရင်စီးသည့် မီးပုံပျံနှယ် ဘယ်ယိမ်းညာယိုင်ဖြင့်၊ လေထဲ နှစ်ရက်ခန့် တွဲလဲခိုစီးပြီး ခုတော့ မှိုင်းယိုလို့ ကိုးရိုကားယား ဆင်းလာကာ၊ ဤပို့စ်ကို ထိုင်ရေးမိခြင်း ဖြစ်သည့်တမုံ့။

ချစ်လှစွာသော စာရှုသူတို့..။ သက်ထီးသက်မ အစုံလိုက် ပူးချပြီး ကုလားထိုင်ပေါ် ငုတ်တုတ်ထိုင်တွေးကြည့်ပါဦး။ ကျွန်ုပ်ကိုယ်စား အလ ကားတွေးပေးကြပါ။ အကယ်ဒမီဘုတ်အဖွဲ့က ကျွန်ုပ်တို့၏ ဤဘလော့ကို “ရသ” စာပေစာရင်းထဲ သွတ်ပြီးသွင်းထား၏။ အချောင်းလိုက် အသွင်းမခံရသဖြင့်တော့ ကျွန်ုပ်ကျေနပ်ပါသည်။ ရှာမှရှား၊ ဇကာတင် စာရင်းပေါက်သည်ဆိုတာ နည်းသည်မဟုတ်။ ထပ်၍ သေချာ တွေး ကြည့်ပါ။ ကျွန်ုပ်မှ မမြောက်လျှင် အဘယ်သို့သောသူ မြောက်မည်နည်း၊ အိုဘားမား သမ္မတဖြစ်ဖို့ရှိသည်မှာ ဘာမှမထူးဆန်း။ သူ မြောက် စရာမလိုချေ။ မြောက်လျှင် ပထမသက်တမ်းမှာဘဲ ညှပ်ဖိနပ်ဖြင့် အပေါက်ခံရမည်။ ဒေါ်စုလွတ်ပြီး ၀န်ကြီးချုပ်ဖြစ်လျှင်လည်း မြောက်စရာ မရှိ။ လွတ်လမ်းမှ မမြင်မိသကိုး။ ထားချေတော့ လမ်းလွဲနေပြီ။ လျှာရှည်အား “ရသစာပေ” စာရင်းထဲ သွတ်ပြီး သွင်းထားသဖြင့် ကျွန်ုပ် မြောက်ကာ ဟိုးအပေါ်က ရသစာလား ဘာလားမသိသည့် စာတစ်ပိုဒ်ကို ရေးမိခြင်းသာ။ သို့ပေမင့် မည်သို့ပင်ကြိုးစား ကြိုးစား။ ဆက်ရေးရန် မတတ်သာတော့သဖြင့်၊ ဤမှာပင် တန်းလန်းကြီး ရပ်ထားမိခြင်းဖြစ်၏။ သို့သော် ကျွန်ုပ် နောက်နေ့တွင် အဆုံးသပ်နိုင်ဖို့ ကြိုးစားပါဦးမည်။ လေ့လည်းသေချာ လေ့လာပါဦးမည်။ ဒီနှစ် အကယ်ဒမီ မချိတ်နိုင်လည်း နောက်နှစ်အတွက် ကြိုတင်ပြင်ဆင်ပြီး ရွှေစင်ဆုရဖို့ အားခဲထားပါသည်။ ကျန်ရစ်မင်းကြီး 'လူမင်း 'ပြောသလို၊ (အာလုပ်သံကြီးဖြင့်) “စေတနာရဲ့ အကျိုး .. ဟိုး ဟိုး ခံစားရတာ ပါဘဲ” ဆိုသလိုပေါ့။ ကျွန်ုပ်လည်း နောက်နှစ်တွင် ထိုကဲ့သို့ စင်ပေါ်မှာ ပြောနိုင်အောင် အားထုတ်မည်။

ချစ်စွာသော စာရှုသူ..။ ကျွန်ုပ် ဘလော့လောကမှ အသေထွက်၊ အရှင်ထွက်၊ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်၊ မထွက်မချင်း ရသမြောက် စာပေများ ကြိုးစားရေးသားသွားပါမည်။ ကျွန်ုပ် ရှေ့လျှောက် “ရသ” စာပေကိုသာ အလေးထား ရေးသွားမည်ဖြစ်ကြောင်း၊ သတင်းဆိုး ပို့အပ်ပါသည်။

Read More...

Friday, December 26, 2008

ပြည်သူ့သဘောထား



Anonymous said...
ဘာနဲ့ သုံးထားလဲ ကို၇ှာရှေ. အရုပ်တွေနဲ့ ၇ည်ရွယ်ချ က်ကောင်း ပေမယ့် animation အားနဲနေသေးတယ်လို့ ဝေဖန်ချင်တယ်.။ အထူးသဖြင့် မြူးဇစ် စတဲ့ အချိန်မှာ အရုပ် စလှုပ်တဲ့နေ၇ာ ရှုပ်သွားတယ်ဗျ. ကျန်တာတော့ မဆိုးဘူး ပြော၇မှာပေါ့.

အပေါ်က “ပြည်သူ့သဘောထား” နဲ့ ပတ်သက်ပြီး တစ်ဦးတည်းသော ဝေဖန်သူရဲ့ မှတ်ချက်ဖြစ်ပါတယ်။ ကျွန်တော် comment မှာ ပြန်မရေးဘဲ ဒီနေရာကဘဲ နောက်ဆက်တွဲ ဖြည့်စွက်ပြီး လေးစားစွာ ပြန်လည်ရေးသားလိုက်ပါတယ်။

'ကိုအမည်မသိ' ကို တော်တော်လေး ကျေးဇူးတင်ပါတယ်။ ကျနော်သုံးတာ 3ds max ဖြစ်ပါတယ်။ ဒီပို့စ်အတွက် ဒီလို ဝေဖန်ထောက်ပြ သွားတာကို ကျနော် ကျေနပ်မိတယ်။ ဒါပေမယ့် ဝေဖန်တာ ပျော့ပြီး အားနာပါးနာ လျှော့ပေါ့ ပြောနေသလိုဘဲ။ ပို့(စ်)ရဲ့ ရည်ရွယ်ချက် အပိုင်းကိုတော့ ကျနော် သေချာ မပြောတော့ဘူးခင်ဗျ။ စာမရေးဖြစ်တဲ့ အတောအတွင်း ကိုယ့်စိတ်ထဲ ပြောချင်နေတာကို အရသာ တစ်ခုအနေနဲ့ တင်ပြခြင်းဖြစ်ပါတယ်။ စကားမစပ် ကျွန်တော်တို့ရဲ့ပို့(စ်)ထဲက အပြုအမူလိုမျိုးဟာ ဗမာမျက်စိနဲ့ဆိုရင် ရိုင်းနေပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော့်စိတ်ထဲ အမှန်ရှိတာက ကျနော်တတ်နိုင်သလောက် တင်ပြခဲ့တာထက် ပိုပါတယ်။ ပြောချင်လွန်းလို့၊ ပြချင်လွန်းလို့ကို ရှိတဲ့အချိန်ယူပြီး လုပ်တာပါ။ ဒါရည်ရွယ်ချက်အပိုင်းပါ။

animation ပိုင်း ကျတော့လည်း တော်တော့်ကို လိုနေပါသေးတယ်။ အဓိက ကိုယ်ညံ့တာအပြင် အခြားကန့်သတ်ချက်တွေ နည်းပညာ အကြောင်းတွေကြောင့် ဆိုပါတော့။ model စကတည်းက edge flow တွေ မမှန်တာ။ rigging နည်းပညာ အားနဲတာ။ skinning သေချာ မလုပ်ခဲ့တာတွေကြောင့် animation မှာ ကောင်းကောင်း ဒုက္ခရောက်ခဲ့ပါတယ်။ အချိန်အားဖြင့် တစ်မိနစ်စာသာရှိပေမယ့်၊ ဒီ animation တစ်မိနစ်စာအတွက် အစအဆုံး တစ်လလောက် ကြာခဲ့ပါတယ်။ (ဒါလည်း ကျွန်တော့်အားနဲချက်ပါ၊ စုစုပေါင်းအချိန်ဟာ တစ်မိနစ်ခွဲခန့် ရှိပေမယ့် Movie ရဲ့အစပိုင်းနဲ့ နောက်ဆုံး အပိုင်းတွေက Premiere ထဲမှာ Edit ပြန်လုပ်တာမို့ ဒါကို ထည့်မတွက်တော့ပါဘူး။) ကျနော် ဒီဘလော့မှာ ဒါတွေကို၊ ကိုယ်ပြောချင်တာတွေကို အရုပ်နဲ့ ပြရုံသက်သက်ပါဘဲ။ သူနဲ့ဆက်နွယ်တဲ့ ဘယ်လို ဖန်တီးတယ်ဆိုတဲ့ နည်းပညာ အကြောင်း ဖေါ်ပြဖို့ မရည်ရွယ်ပါဘူး။ ဒီနယ်ပယ်က တကယ် တတ်ကျွမ်းသူ ပညာရှင်များ အမြင်မှာဆိုရင် အခု animation ဟာ ကလေး ကစားသလို ဖြစ်နေမှာပါ။

ဒါပေမယ့် စာရေးသားခြင်းနဲ့ မတူတဲ့ အခက်အခဲ တချို့ကို ကြုံကြိုက်တုန်း ပြန်ပြောပြချင်တာ ရှိပါတယ်။ ဘလော့ရဲ့ လမ်းကြောင်း လွဲ ကုန်မှာစိုးလို့ နဲနဲလေးမှ တကယ့် နဲနဲလေး၊ အာလူးဖုတ်ပါရစေ ခင်ဗျ။

rendering မှာ အရုပ် အရည်အသွေး ကြည်ကြည် လင်လင်ရဖို့၊ lighting မှာ ကြည့်ပျော် ရှုပျော်လေး ဖြစ်ဖို့ mental ray renderer ကိုသုံးခဲ့ရာမှာ ထုံးစံအတိုင်း ကြာခဲ့တယ်။ ပြီးတော့ AVI တန်းထုတ်တာမျိုး မဟုတ်ဘဲ TGA Format နဲ့ တစ်ပုံချင်း ထုတ်တာဖြစ်ပါတယ်။ ပုံတိုင်းကို dimension 800*600 pixel ထားပြီး၊ FG နဲ့ GI ကို 10 လောက်ပဲ ထားခဲ့တာတောင် တစ်ပုံအတွက် render အချိန် 2 မိနစ်ကျော် ကြာပါတယ်။ movie တစ်စက္ကန့်ရဖို့ frame 30 လုပ်ရတဲ့အခါမှာ တစ်စက္ကန့်စာ လှုပ်ရှားမှုအတွက် render မှာတင် တစ်နာရီ ကြာကြောင်းပါ။ ပျက်လိုက်၊ ပြင်လိုက်နဲ့ rendering မှာဘဲ တစ်ရက် နာရီ (၂၀) နီးပါး၊ စုစုပေါင်းအချိန် တစ်ပတ်နီးပါး ကြာသွားပါတယ်။ ဒါ.. ကိုယ့်စက် အနေအထားရော နည်းပညာ ညံ့ဖျင်းမှုရောကြောင့် ဆိုပါတော့။ ပြီးတော့ animation စတဲ့အချိန်မှာ real time ကို သေချာ မမြင်ရဘူး။ ဒါဟာ Modeling ကနေ Rigging အဆင့်တွေမှာ စံမမှီလို့လို့ ထင်ပါတယ်။ ဒါကြောင့် Animation ဟာ တော်တော် များများမှာ မပီပြင် တော့ဘူးပေါ့ဗျာ။ ဒါနဲ့ဘဲ အဓိက ပြချင်တဲ့ သီချင်း beat နဲ့ ကိုက်အောင် အရုပ်ကို လှုပ်ရာမှာ တော်တော်လေး ဒုက္ခ ရောက်ရတယ် ဆိုပါတော့။ ကျွန်တော့်ရဲ့ (Animation Technique) အင်မတန် ညံ့ဖျင်းတာလည်း ပါပါတယ်။

မပြောဘူးဆိုပေမယ့် နဲနဲများသွားတယ်ခင်ဗျ။ ချုပ်ပြောရရင် ကိုယ်ညံ့တာကြောင့် ရသလောက် အချိန်လေးမှာ ဖြစ်ကတတ်ဆန်း ဖြစ် သွားတာ တောင်းပန်ပါတယ်။ နောက်များမှ သေချာ အချိန်ယူလေ့လာပြီး ပိုမိုကောင်းမွန်တဲ့ အရသာတစ်ခုခု ပေးနိုင်အောင် ကြိုးစားပါ ဦးမယ်။

တစ်ကြောင်းတည်း ဝေဖန်သွားတာ ဖြစ်ပေမယ့် ကျွန်တော်တော့ အရမ်း ကျေနပ် လက်ခံပါတယ်ခင်ဗျ။ အချိန်ရရင် ရသလို ကျွန်တော် ဖန်တီး ကြည့်ပါဦးမယ်။ ဒီလိုမျိုး ဝေဖန်၊ ထောက်ပြတာတွေကိုလည်း အမြဲ မျှော်လင့်နေပါတယ်။ :)

Read More...

Sunday, November 23, 2008

မပြောချင်လို့ .. ကြည့်နေတာကြာပြီ

ဗွီစီဒီပြောတာပါ။ အတင်း' မဟုတ်ဘူး။ မြန်မာပြည်မှာလေ.. လင်မယားတွေ သတ်ကုန်ကြပြီ။ အဲဒါ ကြည့်ချင်သပဆို .. အောက်မှာရှိပေါ့။ Connection လေးတော့ ကောင်းမှဖြစ်မယ်။ ကိုယ်ချင်း စာသကိုး ..


Read More...

Wednesday, September 10, 2008

အောက်အီးအီး ဘလော့(ဂ်)

ကြက်ဖတိန်ညင် ဘလော့ကိုဝင်
ပညာရှင်တွေ လေးနဲ့ပစ် ..
မပစ်ပါနဲ့ဆရာတို့ရယ်
ဘလော့တက်စူးလို့ သေလိမ့်မယ် ..

(အိုး ..... ဘာတဲ့တုန်း .. ဆရာတို့ ..)

ဘယ်ဘက်က .. ဆူးဆူး
ညာဘက်က .. ဆူးဆူး
ခွပ်လိုက်ကြစို့ .. ဆရာတို့ ..
အောက်အီးအီး ဘလော့(ဂ်) ။ ။
--------------------------------------------------------------------------------------------------------------------------------------------
ဘုံရန်သူအစစ်သည် နအဖခွေးမျိုးသာဖြစ်၏။ (ပြောသံကြားရတာဘဲ .. မှန်၏)

နွားကွဲလျှင် ကျားဆွဲမည်။ (စကားပုံရှိတယ်ဆို .. ဆို)

“ရန်...ငါ မပြတ်လို့
သံဃာ အသတ်ခံရတာ
သွေးကြွေးမှာ
ဆွေးနွေးစရာ အကြောင်းမရှိ....”
(ဆရာအောင်ဝေး ရေးတာပါ)

“ ကြံသကာပြတ်လို့
အပြန်အလှန် သတ်ကြတာ
ရေဝေးမှာ
မြေဆွေးစရာ အကြောင်းရှိ ....”
(ပြောင်လျှာရှည်တို့ မော်ဒီဖိုင်းထားတာလေ .. )

Read More...

Monday, August 11, 2008

လူချွန်လူကောင်း

ဂီတဟာ လူ့စိတ်ကို အဖမ်းစားနိုင်ဆုံး၊ အထိမ်းချုပ်နိုင်ဆုံး အနုပညာတရပ်လို့ ကျွန်တော်ပြောရင် တော်တော်များများက လက်ခံနိုင်လိမ့် မယ် ထင်ပါတယ်။ သက်ရှိ သတ္တ၀ါတွေထဲမှာမှ အဆင့်အမြင့်ဆုံးသော လူသားတမျိုးသာလျှင် သိမ်မွေ့ဆန်းကြယ်လွန်းလှတဲ့ ဂီတဆိုသော အနုပညာကို နားလည် ခံစားနိုင်ပါတယ်။ ဒီနေရာမှာ တချို့တရိစ္ဆာန်တွေလည်း တေးဂီတကို နားထောင်တတ်တာပဲလို့တော့ ကပ်ဖဲ့ မပြောကြပါနဲ့ခင်ဗျ။ မြွေဆိုရင် ပုလွေသံကြားတော့ ပါးပျဉ်းထောင်ပြီး ယိမ်းတောင် ကလိုက်သေးတယ်ဆိုတာလိုမျိုးပေါ့။ သူဟာနားရှိလို့ ကြားတာမျိုးမဟုတ်ပဲ၊ အလမ္ပါယ်ဆရာက ရှေ့ကနေ ဦးဆောင်လှုပ်ရှား ခေါ်ယူသွားတာမို့၊ မြွေက ရိုးတိုးရိပ်တိတ်နဲ့ ပလွေသံဖမ်း အီးရှူ၊ (မှားလို့) ယောင်တောင်ကန်း လုပ်နေတာမျိုးသာလို့ ကြားဖူးပါတယ်။ မဟုတ်ရင် ပြင်ပြောပေးကြပါ။ ပုလွေသံကြားလို့ လိုက်နားထောင်တာ၊ ကတာမဟုတ်ပဲ သူမကျေနပ်လို့ သောက်မြင်ကပ်လာရင်တော့ ခွပ်ကနဲတောင် ပေါက်ချတတ်တယ်တဲ့ဗျ။ ဆိုတော့ .. လူမှမဟုတ်ဘူး တခြား သတ္တ၀ါတွေလည်း အဲဒီတေးဂီတဆိုတဲ့ အနုပညာနောက် ကောက်ကောက်ပါအောင် လိုက်တတ်ပါတယ်လို့ ဆင်ခြေကန်ပြီး ပြောမယ် ဆိုလည်း ကျွန်တော်ကတော့ ခုလို ထပ်ကွန့်လိုက်ချင်ပါတယ်။

“နားထောင်တတ်လည်း သူတို့ သီချင်းတော့ စပ်တတ်မယ်မထင်ပါဘူးဗျာ ..” လို့ပါ။ ထားပါတော့။ ကျွန်တော်ပြောချင်တာ ဒီအကောင်တွေနဲ့ သိပ်မဆိုင်ပါဘူး။ ပထမတစ်ချက်က လူသားတွေဟာ ဒီတေးဂီတ အနုအညာကို ဟိုးရှေးဦးမဆွ တစစ တိုးတက်ပြောင်းလဲလာတဲ့ ယဉ် ကျေးမှု အလိုက် ပုံစံအမျိုးမျိုး ခံစားလာကြတယ်။ ဒုတိယအချက်က တေးဂီတကို ဖန်တီးဖွဲ့စည်းပေးတဲ့ တေးပြုစာဆို အကျော်အမော် တွေဟာ သူတို့ကိုယ်တိုင် ခံစားချက်အရ ရင်ဘတ်ထဲကနေ အလိုလိုပေါ်ပေါက် ထုတ်လုပ်လာကြသည်ဖြစ်စေ၊ သီချင်း ဂီတကို ခံစားသူ လူသားတွေအတွက် ခေတ်ခါ အခြေအနေအရ ဖန်တီးပေးရသည် ဖြစ်စေပေါ့လေ၊ သီချင်း၊ ဂီတဆိုတာ လူသားအားလုံး အပေါ်မှာ အင်မတန်မှ သက်ရောက်မှုအား ကြီးမားတယ်ဆိုချင်တာပါ။ ဟိုတုန်းက နန်းတွင်းမှာ စောင်းလေးနဲ့ (ခေါင်းအုံးပါ ပါရင်ပါမှာပေါ့) ဖျော်ဖြေ ကြရတဲ့ ရှေးခေတ် သီချင်းကြီး သီချင်းခန့်မှသည် အခု လူငယ်တွေအကြိုက် ဟစ်ဟော့အထိ ဂီတ၊ သီချင်းဆိုတာဟာ ပုံသဏ္ဍာန်မျိုးစုံ၊ အ ကြောင်းအရာနဲ့ အမျိုးအစားစုံလင်စွာပဲ လူသားတွေကို အချိန်ကာလအလျောက် လွှမ်းမိုးခဲ့၊ လွှမ်းမိုးနေကြဆဲ မဟုတ်လား။ သီချင်း နား ထောင်လွန်ပြီးတော့ သွေးတိုးတက် သေသွားတာမျိုး မရှိသလောက်ရှားပေမယ့်၊ သီချင်းကြောင့် စိတ်ဓါတ်နူးညံ့ပျော့ပျောင်းသွားတာ၊ စိတ်ဓါတ်အင်အား တိုးတက်လာစေတာ၊ ကြမ်းတမ်းခက်ထန်လာစေတာ၊ စိတ်ညစ်ညူးမိစေတာ စသည်ဖြင့် စိတ်ဓါတ်၊ ခံစားချက်တို့ကို အမျိုးမျိုးအဖုံဖုံ ပြောင်းလဲမှု ဖြစ်ပေါ်စေပါတယ်။

ပြီးတော့ သီချင်းဟာ လက်နက်တစ်ခုလိုလည်း စွမ်းဆောင်နိုင်ပါတယ်။ အသိသာဆုံးကတော့ တခြားသွားမကြည့်ပါနဲ့။ မြန်မာ့အသံနဲ့ ရုပ် မြင်သံကြား ချယ်နယ်အားလုံးမှာ ဘယ်အချိန်ကောက်ဖွင့်ဖွင့် ခွေးစစ်စစ်တွေကိုတောင် အလိုလိုနေရင်း မျက်မုန်း ကျိုးချင်နေတဲ့ ကျွန် တော်တို့လို လူမျိုးအတွက် ခွေးသူရဲ အခြောက်ခံရသလိုလို၊ လက်နက်ကြီးနဲ့ အထုခံနေရသလိုလို .. “ နိုင်ငံတော် ပြိုကွဲမဲ့ အခြေအနေကို ဒို့ကကြံနေတာ ” ..၊ “ ဒို့ရဲဘော်များ ပဲဟင်းစားလို့ အိမ်သာမှာ လူစည် .. ” (ဆောရီးဘိုကြီး .. တိပ်ညပ်သွားလို့) စသည်ဖြင့် ကြားဖူးကြမှာ ပါ။ သီချင်းလက်နက်ကို ဒီလိုသီချင်းမျိုးတွေကို ရေးစပ်၊ ပေါ်ပေါက်၊ အသုံးချခဲ့ကြတာ၊ နားထောင်ခဲ့ကြရတာဟာ ဟိုယခင် ဗမာ့တပ်မတော် စစ်စစ်၊ ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်၊ ဗိုလ်တိုက်ချွန်းတို့၊ ဗိုလ်လှသောင်းတို့လို ခေတ်တုန်းကတော့ အင်မတန် သာယာနာပျော် ဘွယ်ကောင်းမှာပါ။ ရေအရောများတဲ့ နွားနို့လို ဖြစ်နေတဲ့ လက်ရှိ နအဖ စစ်တပ်ခေတ်မှာတော့ ခုနကလို စိတ်ဓါတ်ကို လှုံ့ဆော် တက်ကြွ စေတဲ့ သီချင်းတွေဟာ လက်နက်တော့ လက်နက်ပဲ။ ဒါပေမယ့် အဆံမပါတဲ့ သင်္ကြန်အမြောက်လို ဖြစ်နေတာက ခက်ပါတယ်။ မယုံရင် ကြည့်ပါ။ “ တပ်မတော်ကြီးကို ဘီစကစ်ကျွေးဖို့ UN လာပါပြီ၊ ရဲဘော်အပေါင်းကို ဝေစားကြဖို့ ညွှန်ကြားအပ်ပါသည် .. ” ဆိုတာမျိုးက သက်သေခံနေပါတယ်။

နောက်တစ်ခုက ကိုယ့်တိုင်းသူပြည်သားများအတွက် ရည်ရွယ်ပြီး စိတ်ဓါတ်အင်အားကို တိုးတက်ကောင်းမွန်စေဖို့၊ ပြီးတော့ကာ မိခင် တိုင်းပြည်ရဲ့ ရေ၊ မြေ၊ လေ သဘာဝ သစ်ပင် ပန်းမန်၊ တောတောင် စတဲ့ အလှတရား အမွေတွေကို မြင်သာတတ်ကြအောင် ဖွဲ့နွဲ့ထားမှု၊ ကိုယ်နေထိုင်ကြီးပြင်းတဲ့ တိုင်းပြည်ဟာ စီးပွားရေး၊ လူမှုရေး၊ လမ်းပမ်းဆက်သွယ်၊ အခြေခံ အဆောက်အအုံ စသည်မျိုး ဘက်ပေါင်းစုံက နေ ဒီလိုဒီလို တိုးတက် ကောင်းမွန်နေပါပြီလို့ (ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ) ညွှန်းဆိုပြချင်တဲ့ သရုပ်ဖေါ် သီချင်းမျိုးပါ။

သီချင်းအမျိုးအစား အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ထိရောက်အောင် မပြောပြတတ်လို့၊ ကျွန်တော် အချိန်အတန်ကြာက နားထောင်ဖူးခဲ့ပြီး ခု လက်ရှိ အခြေအနေမှာ ခေတ်နဲ့ ဘယ်လိုမျိုးမှ ဆွဲယူစပ်ဟပ် နားထောင်လို့ မရနိုင်တော့ပဲ နဲနဲ ကမောက်ကမနိုင်လှတဲ့ သီချင်းတစ်ပုဒ်ကို ဥပမာပေးပြီး ပြောပြချင်ပါတယ်။ သီချင်းနာမည်က “ လူချွန်လူကောင်း” ဖြစ်ပါတယ်။ သီချင်းရေးသားသူဟာ ဆရာကြီး မြို့မငြိမ်းဖြစ်ပြီး မြန်မာကျော် (သူ့ခေတ်နဲ့ဆို ကမ္ဘာတောင်ကျော်နိုင်ဖူးမယ် ထင်ရတဲ့) ဂီတစာဆိုကြီးဖြစ်တာမို့ ဒီပို့စ်နဲ့ နောက်ပြောင်တာ၊ ရွဲ့တာ၊ စောင်း တာ၊ ကဲ့ရဲ့စော်ကားတာမျိုး တစ်ခုမှမလုပ်ပါဘူး။ အဲဒီလိုမျိုးဘဲ ဒီသီချင်းကို သီဆိုသူ မည်သည့်အဆိုရှင်ကိုမှလည်း နောက်ပြောင် သရော် လိုစိတ် လုံးဝမရှိပါဘူး။ လူချွန်လူကောင်းရဲ့ မူရင်း စသီဆိုသူကိုလည်း ကျွန်တော်မသိပါဘူး။ ပြန်ဆိုတေးတွေ ပေါလွန်းတဲ့ ကျွန်တော့်တို့ မြန်မာ့ ဂီတလောကကြီးမှာ လူချွန်လူကောင်းကို ဘယ်နှစ်ဦးက ဘယ်နှစ်ကြိမ်မြောက် ပြန်ဆိုပြီးဆိုတာကိုလည်း မသိပြန်ပါဘူးခင်ဗျာ။ အခုသိတဲ့ အဆိုတော်က စာရေးဆရာ၊ ရုပ်ရှင်မင်းသား အဆိုတော် သုမောင် ဖြစ်ပြီးတော့ ကျွန်တော်ပြောချင်တဲ့ အဓိကအကြောင်းကတော့ သီချင်းတစ်ပုဒ်လုံးလိုလိုဟာ နအဖခေတ်အတွက် တမင်များ ပြောင်းပြန်လှန်ပြီး ရွဲ့ရေးထားခဲ့သလား ထင်ရအောင် စာသားတွေမှာပါဝင်တဲ့ အချက်တွေပဲဖြစ်ပါတယ်။

ကျွန်တော့်အတွက်တော့ သီချင်းတွေဟာ စိတ်ကို အတော့်ကို ဖမ်းစားနိုင်လွန်းလှပါတယ်။ စကားမစပ်ပြောရရင် အဆိုတော် ထူးအိမ်သင် ရဲ့ “နဲနဲလေးတော့လွဲနေတယ်၊ လွဲလွဲလေးပဲ ကောင်းပါတယ် ”… ကို ကိုယ်အသုံးမကျလို့ ကပြောင်းတိ ကပြောင်းဆန်ဖြစ်တဲ့ အချိန်မှာ ရသေ့စိတ်ဖြေ ညည်းတတ်ပြီး၊ ကိုယ်က သောက်ညင်ကပ်သူများရှေ့ ရောက်ရင်တော့ လေးဖြူရဲ့ “ရူးချင်ယောင်ဆောင်မနေနဲ့” ဆိုတာကို ကြားမိတတ်ပါတယ်။ ဒီစကား မိတ်ဆွေအတွက် မှားတယ်ဆိုရင် မျက်စိအညောင်းခံပြီး ရှေ့ဆက်မဖတ်တော့ဖို့ ကြိုပြီး မေတ္တာရပ်ခံပါတယ်။

ကျွန်တော် နားထောင်ဖူးတဲ့ လူချွန်လူကောင်း ပထမအပိုဒ်ကို မြန်မာ့ စန္ဒရားလေးနဲ့ စထားပါတယ်။ အတီးကို နားမလည်လို့ သေချာ မပြောတတ်ပါခင်ဗျာ။ ဂစ်တာ အနဲငယ် ခေါက်တတ်ပေမယ့် ကိုယ်တိုင်တီးပြီး ဆိုလို့ရှိရင်တော့ မာရဇ္ဇရဲ့“ စည်းများက ခြားထားပြီအချစ် ” ဆိုတဲ့ စာသားလေးကို “ ချီးများကစားထားပြီအချစ်” အော်မိလို့ နောက်ဘယ်တော့မှဆိုတီး မလုပ်ရဲတော့ပါဘူးခင်ဗျာ။ ဒီလို အဖြစ်ဆိုး တွေကြောင့်အာဇာနည်ရဲ့ “ စည်းတစ်ဘက်ခြား” အခွေကို ဆိုင်မှာဝယ်တုန်းကတောင် “ ချီးတစ်ဖတ်စား” မဖြစ်အောင် မနဲ ထိမ်းပြောခဲ့ရ ဖူးတယ်လေ။ သီချင်းစာသားတွေ အောက်မှာ ရေးထားပါတယ်။ ကြုံကြိုက်ရင် mp3 ပြောင်းပြီး ဒီပိုစ် အောက်ခြေမှာ တင်ဖို့စိတ်ကူးထားပါ တယ်။

ရှုမဆုံးတော့သည်၊ စိမ်းလဲ့လဲ့နှစ်စဉ်
လယ်ကွင်းတွေက တမျှော်တခေါ် စိုပြေလွင်
ရိတ်သိမ်းချိန်ဆိုပြန်လျှင် ၀င်းမှည့်ရွှေစင်အိလို့ပင်
စပါးအနှံတွေနဲ့ အသီးတွေသန်မြန်အောင်မြင် …..

မနက်ခင်းစိတ်ရွှင် လန်းကြစေဆွဲငင်
ဥသြသံတွဲ့ နာပျော်ဖွယ် ကြည်ကြည်လင်
လုပ်ငန်းကိုကိုယ်စီဝင် စက်ရုံကြီးငယ် အရပ်ရပ်တွင်
ကြည်းရေတစ်ခွင်က အရောင်းအ၀ယ်စုံဆန်သာစည်ပင်

လူချွန်လူကောင်းများတို့ ပေါင်းစုအားတွင်
မြို့မမိတ်ဆွေတွေကို ကြည်ညိုစွာမြင်လိုက်ချင်
မြန်မာ့သားကောင်းများကို အဆိုအတီးအမှုနဲ့ပင်
ရိုသေခင်မင် .. အားတက်အလေးပြုလျက်ပဲအစဉ် ..

ကစားခုန်စားစွမ်းအားဖက်တွင်
စံချိန်ရင်ဘောင် တန်းလိုက်လို့ယှဉ်
ခေတ်မှီမှီကမ္ဘာကြီးကြည့်မြင်
သန်မြန်ယောင်္ကျားဘသားလျှင်
လျှပ်စစ်အားအသုံးများတဲ့အပြင်
တွင်တွင်ကျယ်ကျယ် ထက်အောက်မြေတစ်ခွင်
သစ်ပင်တွေ မြေတွင်းဓါတ်တွင်
ဖော်ယူနိုင်စွမ်းတတ်ကျွမ်းကျင်

ကမ္ဘာမြေပထ၀ီဝင် ကမ္ဘာ့သမိုင်းရာဇ၀င်
သုံးသပ်လေ့လာသင်
အကြံအဥာဏ်ဝေဖန်မြော်လို့မြင်
ငါတို့ပြည်ထောင်စုတွင်

ကမ္ဘာ့ရေကြောင်း သင်္ဘောမောင်းနှင်
မြေပြင်လေပြင် နှံ့စပ်စုံလင်
တို့လူချွန်လူကောင်းအစုတွင်
ပါဝင်တစ်ယောက်ဆိုတအားပင်

ဆရာဝန် ပညာတွေကိုသင် ခေတ်ရောရှေးမီ သမားကျော်များပင်
လူထုကိုကိုယ်နဲ့ထပ်တူ ချစ်ခင်ရင်ဝယ်သား
ညွှန်ကြား ညွှန်ကြား
သန်ထွားကျန်းမာကြံ့ခိုင်အားအင်
ကလေးလေးတွေ ပညာရရှိဖို့တော့ ဘမိပုံသွင် အာစရိတွေပင်
လူချွန်လူကောင်းလေးတွေဖြစ်အောင်
မြေတောင်မြှောက်ကာ မြှင့်တင်

ကမ္ဘာ့ရေကြောင်း သင်္ဘောမောင်းနှင်
မြေပြင်လေပြင် နှံ့စပ်စုံလင်
တို့လူချွန်လူကောင်းအစုတွင်
ပါဝင်တစ်ယောက်ဆိုတအားပင်

သီချင်းစာသားကတော့ဒီလောက်ပါပဲ။ ကျော့ကျော့ပြီးထပ်ဆိုတာတွေနဲ့ အချိန်ကရှစ်မိနစ်လောက် ကြာသွားပါတယ်။ မန္တလေး မြို့မတီးဝိုင်း ကြီးက တူရိယာအစုံအလင်နဲ့ မြိုင်လှသလို အဆိုကျော်ကြီးကလည်း မုဒ်အပြည့်နဲ့ပါ။ သီချင်းရဲ့ရည်ရွယ်ချက်ကတော့ တကယ့်ကို မွန် မြတ်လှပါတယ်။ တေးပြုစာဆိုကြီးဟာ ခေတ်ကာလအလျောက် စေတနာအပြည့်နဲ့ စပ်ဆိုထားခဲ့ပုံပါဘဲ။ ခက်တာက ခေတ်ကာလ ဆိုတာမှာ ကျွန်တော်လည်း ဒီသီချင်းကို ဘယ်အချိန်ကတည်းက ရေးစပ်ခဲ့တယ် မသိပါဘူး။ မြို့မအဖွဲ့ကိုတော့ ၁၉၂၅ ခုနှစ်က တည်ထောင်ခဲ့တာလို့ သိရပါတယ်။ ဒါကြောင့် သီချင်းဟာ အဲဒီ ခေတ်ကာလ၀န်းကျင်လောက်ကပဲလို့ ထင်ရပါတယ်။ ကျွန်တော့် ထင်မြင်ချက်ဟာ အများကြီး လွဲမှားနိုင်တာပေါ့။ တကယ်လို့သာ ဗိုလ်ချုပ်နေ၀င်းစစ်တပ် အာဏာမသိမ်းခင်အချိန်တုန်းက ပေါ်ပေါက်ခဲ့တာမျိုးဆိုရင် ဘယ်လိုဘဲ ပြောပြော သီချင်းနဲ့ အချိန်ကာလကတော့ ကာရန်ညီမျှခဲ့မှာပါဘဲ။ ဘာလို့ဆိုတော့ လူကြီးတွေက ဟိုတစ်ခေတ်က ကောင်းကွက်လေးတွေ ပြောလေ့ရှိခဲ့တာကို ကြားဖူးထားတာကိုး။ အဲသလိုမျိုးပဲ ဟိုခေတ်က ကောင်းမကောင်း ကိုယ်တိုင်မသိပေမယ့် ခုခေတ်ကတော့ မကောင်းတာ သေချာတယ်ဆိုတာလည်း မျက်မြင်ကိုယ်တွေ့မဟုတ်ပါလား။ ဆိုတော့ကာ လူချွန်လူကောင်းသီချင်းကို ခံစားမိတဲ့အခါ စာသားပါ အချက်အလက်တွေဟာ ကျွန်တော့်အတွက်တော့ စိတ်ကူးယဉ် သိပ္ပံဇာတ်ကားထက်တောင်မှ ဆန်းကြယ်နေပါတော့တယ်။ သေချာဖတ်ပြီး တွေးကြည့်ပါဦး။

ကမ္ဘာ့ရေကြောင်း သင်္ဘောမောင်းနှင်
မြေပြင်လေပြင် နှံ့စပ်စုံလင်
တို့လူချွန်လူကောင်းအစုတွင်
ပါဝင်တစ်ယောက်ဆိုတအားပင်

လျှပ်စစ်အားအသုံးများတဲ့အပြင်
တွင်တွင်ကျယ်ကျယ် ထက်အောက်မြေတစ်ခွင် .....

ဒါပေမယ့် ဒီသီချင်းကို လက်နက်ကောင်းတစ်ခုအနေနဲ့ ရေဒီယိုမှာ ၂၄ နာရီ မထုတ်လွှင့်သေးတာ အတွက်တော့ ဘဘကြီးတို့ကို ကျေးဇူး တင်ရမဲ့အပေါက်ပါ။ နို့မို့ ၈၈ နောက်ပိုင်းလူဖြစ်တဲ့ပုဂ္ဂိုလ်များ ကမ္ဘာ့ရေကြောင်းမှာ မြန်မာတွေ တစ်လ လခ ဒေါ်လာ ၂၀၀ ယူပြီး သင်္ဘော တက်မောင်းနေရတဲ့ အဖြစ်မျိုးတွေ မသိပဲနေတော့မှာပေါ့။ သီချင်းထဲပါတဲ့အတိုင်း လျှပ်စစ်အားကလည်း အသုံးများပါပေတယ်။ မိတ္တူ ကူးဆိုင် အားလုံးလိုလိုမှာ “ မီးပျက်လျှင် မီးစက်ဖြင့်ကူးသည်” လို့ရေးထားတာ တွေ့ဖူးကြမှာပါ။ ဖြစ်နိုင်ပါတယ်။ လျှပ်စစ်အား အသုံး များပုံများ မီးစက်နဲ့တောင် ရှယ်ကူးပေးကြတာခင်ဗျ။

တွင်တွင်ကျယ်ကျယ် ထက်အောက်မြေတစ်ခွင်
သစ်ပင်တွေ မြေတွင်းဓါတ်တွင်
ဖော်ယူနိုင်စွမ်းတတ်ကျွမ်းကျင် ..

အထက်က စာသားလေးတွေလည်း ဧကန်ပဲ မှန်ကန်ကောင်းမွန်လှပါတယ်။ ဟိုတုန်းကဖြစ်ပါလိမ့်မယ်။ ခုတော့ ဖော်ယူနိုင်စွမ်း ကောင်း လွန်းလို့ အနာဂတ်မှာ မြေအောက် ရထားလိုင်းတွေဖေါက်ဖို့အတွက် အပင်ပန်းခံ မြေတူးစရာမလိုတော့ဘူး ထင်ပါတယ်။ ခုကတည်းက တူးထားတာ ကြွက်တွင်းလားမှတ်ရမယ်။ အပင်တွေမနေနိုင်တော့ဘူး။ တရုတ်ပြည် ပြောင်းကုန်တယ်။ မြေတွင်းဓါတ် တော်တော်များ များကတော့ အာရှတိုက်တင်မကဘဲ ရုရှားပြည်ကိုပါ ပြေးကုန်ပါပြီ။

ကစားခုန်စားစွမ်းအားဖက်တွင်
စံချိန်ရင်ဘောင် တန်းလိုက်လို့ယှဉ်
ခေတ်မှီမှီကမ္ဘာကြီးကြည့်မြင်
သန်မြန်ယောင်္ကျားဘသားပင်..

ဒီအပိုဒ်ကတော့ တကယ်ပဲ လန်ထွက်နေတယ်လေ။ လက်ရှိအိုလံပစ်မှာတောင် ရွှေဘယ်နှစ်ခု ယူလာမလဲဆိုတာကို နိုင်ငံတော် အစိုးရက စိတ်ကူးယဉ်နေတာမျိုး။ ကစားလိုက်ကြတာ။ နှစ်လုံး သုံးလုံး ဆိုတာလေးပါ ထည့်ပြောမှ ပြည့်စုံမယ်ထင်တယ်ဗျ။

ရှုမဆုံးတော့သည်၊ စိမ်းလဲ့လဲ့နှစ်စဉ်
လယ်ကွင်းတွေက တမျှော်တခေါ် စိုပြေလွင်
ရိတ်သိမ်းချိန်ဆိုပြန်လျှင် ၀င်းမှည့်ရွှေစင်အိလို့ပင်
စပါးအနှံတွေနဲ့ အသီးတွေသန်မြန်အောင်မြင် …..

အပေါ်ကသီချင်းအစ အပိုဒ်လေးအတွက်တော့ နာဂစ်သာပြေးမြင်မိတော့တယ်။ မြန်မာ့ဆန်အိုးကြီး ဧရာဝတီက ရွှေစင်လို အိနေပါလိမ့်မယ်။ လယ်ကွင်းတွေ သွားကြည့်လိုက်ပါ။ လာမဲ့ ၂၀၀၉ အတွက် စပါးအနှံတွေ အသီးတွေများ ပြွတ်ခဲနေတာပါဘဲ။ အဲဒီပြွတ်ခဲသမျှတွေကလည်း ကြပ်ပြေးကိုပဲ အပြေးလေး ခရီးဆက်ရမှာ ကျိန်းသေပါတယ်။ ကျန်တဲ့လူငတ်ကြပေါ့။

မနက်ခင်းစိတ်ရွှင် လန်းကြစေဆွဲငင်
ဥသြသံတွဲ့ နာပျော်ဖွယ် ကြည်ကြည်လင်
လုပ်ငန်းကိုကိုယ်စီဝင် စက်ရုံကြီးငယ် အရပ်ရပ်တွင်
ကြည်းရေတစ်ခွင်က အရောင်းအ၀ယ်စုံဆန်သာစည်ပင်


စက်ရုံကြီးငယ် အသွယ်သွယ်ကလည်း ကုန်ထုတ်စွမ်းအား အရမ်းတိုးတက် ခေတ်မှီလာတာပါဘဲ။

စက်မှုစွမ်းအားခေတ်ကျော်လွှားဆိုတဲ့ ခေါင်းစဉ်အောက်မှာ စက်ရုံတွေက အလျှံအပယ် ထုတ်ပေးနေတဲ့ ကမ္ဘာ့အဆင့်မှီ ထုတ်ကုန်တွေက တော့ ..

ဖယောင်းတိုင်၊ (ရိုးရာမပျက်နတ်ပွဲဆက်ဖို့ ထင်ပါတယ်)

ရေသန့်ဗူး (မုန်တိုင်းမွှေပြီးမှ ၀ယ်လိုအားအရ တိုးပြီးထုတ်နေတာပါ)

ချိုချဉ် (ကျောင်းသားတွေအတွက်)

ဒန်အိုးဒန်ခွက် (အဖုံးကဲ့သို့သော စပယ်ယာပတ်စ်များအပါအ၀င်)

ယောက်မ (ထမင်းဖြစ်စေ၊ ဟင်းဖြစ်စေ၊ လိုရာကို လွယ်ကူစွာမွှေသုံးနိုင်ရန် စီမံထား၏)

တွယ်ချိတ် (အထူးအရောင်းရဆုံးပစ္စည်း၊ အ၀တ်အစားအသစ်တွေ ၀ယ်မ၀တ်ကြဘူး။ အဟောင်းကို အဲဒါတွေအားကိုးနဲ့ ဖာထေးသုံးတာ)

အပ်ချည်လုံး (အပေါ်ကနဲ့ သဘောတရားအတူတူ)

ကြွပ်ကြွပ်အိတ် (နိုင်ငံတော် လူကြီးမင်းများ၏ လမ်းညွှန်ချက်အရ ကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်ရန် ခေတ်မှီနည်းသုံးပြီး ထုတ်လုပ်နေ)

သားရေကွင်း (မုန့်ဟင်းခါး၊ ငပိ၊ ငရုတ်မှုန့်များနှင့် အသုပ်စုံများ ပက်ကင်ထုပ်ရာတွင် မလေလွင့်စေဘဲ စနစ်တကျရှိစေရန်)

အိမ်သာသုံးစက္ကူ (လျှပ်စစ်အား အသုံးများလွန်း၍၊ ရေမတင်နိုင်သော မြို့တော်နေ ပြည်သူလူထုအတွက် သီးသန့်ထုတ်လုပ်ပေးလျက်ရှိ)
နှင့် .. အခြားသော အဆင့်မြင့် လူသုံးကုန်ပစ္စည်းများ ဆိုပါတော့။

ဆရာဝန် ပညာတွေကိုသင် ခေတ်ရောရှေးမီ သမားကျော်များပင်
လူထုကိုကိုယ်နဲ့ထပ်တူ ချစ်ခင်ရင်ဝယ်သား
ညွှန်ကြား ညွှန်ကြား
သန်ထွားကျန်းမာကြံ့ခိုင်အားအင်
ကလေးလေးတွေ ပညာရရှိဖို့တော့ ဘမိပုံသွင် အာစရိတွေပင် ..

သမားတော်ကြီးဇီဝကလို ပုဂ္ဂိလ်တွေ ပေါများပါတယ်။ ဆေးရုံမှာ တစ်ခုခုခွဲစိပ်ဖို့အတွက် (ကန်တော့ပါ) အမွှေးလေးရိတ်ဖို့တောင် ကွမ်း ယာဆိုင်က ဘရိတ်ဓါး ပြေးဝယ်ရပါတယ်။ (A ပိုး B ပိုး ကူးကုန်မှာစိုးလို့ နေမှာပေါ့နော်၊ ကိုယ့်ဟာနဲ့ကိုယ်ဆိုတော့ ဘေးကင်းတာပေါ့)။ ကလေးလေးတွေ မနက်စောစော မထလို့ မိဘကဆူပူကြိမ်းမောင်းနေပါတယ်။ ကျောင်းမတက်ခင် ကျူရှင်အမှီ ရောက်အောင်ပါ။

သီချင်းကိုသာ Open Source လုပ်ခွင့်ရရင် ထပ်ဖြည့်ချင်တာတွေ အများကြီးဘဲ။ တံတားဖေါက်တာတွေ ဆည်ဆောက်တာတွေပေါ့။ တံတားတစ်ခုပြီးလို့ ဖွင့်ပြီးလို့ လပိုင်းလေးမှာတင် အသွားအလာများလို့ တံတားကြီးခမြာ ခါးညောင်းသွားတဲ့အတွက် အနှိပ်သည် ခေါ်နှိပ် ရလောက်အောင် ကျန်းမာရေး ချူချာတာတွေ။ (လမ်းပမ်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်တယ်။ လူတိုင်း ကားဝယ်စီးနိုင်ပြီး အားအားနေ ခရီးထွက်နိုင်ကြလွန်းတော့လည်း လမ်းတွေ၊ တံတားတွေက အပျက်အစီးရှိကုန်ကြတာပါ။)

ဌာနဆိုင်ရာတွေမှာ တခမ်းတနား ဆိုင်းဘုတ်ကြီးတွေနဲ့ “ ငွေပေးရန်မလိုပါ ” လို့ ရေးထားတာတွေ။ အဲဒါဟာ ဥပဒေအတိုင်းပါဘဲ။ ငွေပေးရင် ဘယ်တော့မှ ရန်မလိုတတ်တဲ့ ဦးနှောက်ရှိလူသားတွေအကြောင်းပေါ့။

အပိုဆာဒါးတွေနဲ့ မလိုအပ်ပဲ ရှည်သွားပါတယ်။ ဒါကြောင့် တော်ပါပြီ။ လူချွန်လူကောင်းတွေ တိုင်းပြည်က ထွက်မပြေးချင်ပဲ ကုပ်ကပ်ပြီး တော့ ကိုယ့်အမျိုးသားအတွက် အမှန်အကန် အလုပ်လုပ်နိုင်မဲ့အချိန်ကို တကယ်မြင်တွေ့လိုလှပါပြီ။

ဗမာလူချွန်လူကောင်းတွေ ပေါများလှပါဘိ (ကမ္ဘာအရပ်ရပ်မှာပေါ့)

ဗမာလူချွန်လူကောင်းတွေ တဖြေးဖြေးနဲ့ရှားပါးသွားပြီထင့်။ ( ဒို့တိုင်းပြည်မှာလေ …..)



Connection လေးလည်းကောင်း အချိန်လည်းရတော့ သီချင်းကိုတစ်ခါတည်းပဲ တင်ထားလိုက်ပါတယ်။

ဒီနေရာကိုနှိပ်ပြီးရယူနားထောင်ကြည့်ပါ။ နားမထောင်ဖူးသေးဘူးဆိုရင်ပေါ့။

Read More...

Saturday, August 9, 2008

One World His Dream

“ တောက် .. ” ဟု မချိတင်ကဲ အသံကြီးဖြင့် ကျယ်လောင်စွာ ရေရွတ်လိုက်သူကား နိုင်ငံကျော် အခုဘ၀ရှင် မင်းတရားကြီး ဘိုချုပ်မှူးကြီး သန်းရွှေဖြစ်၏။ နောက်ဘ၀၌ မည်သည့်ဘုံဘ၀တွင် ရှင်သန်ရမည်လဲတော့ မသိ၊ ခုဘ၀တော့ မသေနိုင်လွန်းသေးသူကြီးလေ။
(သြော် .. အကုသိုလ် များရပြန်ပြီ)

အထက်ပါ “ တောက် ” ဟူသော အာမေဋိတ်သံ ထွက်ပေါ်ရခြင်း အကြောင်းကား TV Screen ပေါ်မှ မြင်ကွင်းများကို ကြည့်ရင်း၊ အား ကျစိတ်၊ မနာလိုစိတ်၊ အားမလိုအားမရစိတ်၊ ပြီးတော့ သိမ်ငယ်စိတ်၊ နောက်ဆုံး လူရာမ၀င်သလို ဖြစ်ပေါ်လာရသော ခံစားမှုအစုစုတို့ ပေါင်းဆုံ ဆက်စပ်သွားရာမှ ပါးစပ်ကပါ ထွက်တော်မူသွားရခြင်းဖြစ်၏။

အမှန်တော့ ဤလိုပွဲသဘင်အခမ်းအနားမျိုးတွင် သူသည်လည်း ပရိတ်သတ် ဗိုလ်ပုံအလယ်တင့်တယ်စွာ ရှိနေသင့်သည် မဟုတ်လော။ အတိုင်းတိုင်းအပြည်ပြည်က ပြည့်ရှင်မင်းအပေါင်းကဲ့သို့ ကြောင်လျှာသီး လည်စီး၍ဖြစ်စေ၊ တောင်ရှည်ပုဆိုး တရွှမ်းရွှမ်းနှင့် ကတ္တီပါ တိုက်ပုံအနက် တောက်တောက်ဝတ်ကာ မောင့်ကျက်သရေ ခေါင်းပေါင်းအစလေး ညာချပြီး ပရိတ်သတ်အလယ် ခန့်ထည်စွာ ရှိနေချင် စမ်းပါဘိ။ မိမိ တိုင်းပြည်ကိုယ်စားပြု နိုင်ငံ့ဂုဏ်ဆောင် အားကစားအကျော်အမော်တို့ ကွင်းထဲ ၀င်ရောက်လာစဉ် ၀င့်ထည် မော်ကြွားစွာဖြင့် ကင်မရာမင်းအပေါင်းတို့၏ ရိုက်ချက်က မလွတ်ရအောင် မတ်တပ်ရပ်ကာ ဟန်ချီ မာန်ဝင့် လက်ပြနှုတ်ဆက်ချင်၏။

ဤခံစားမှုအတွေးတို့ကား ယခုပီကင်းမှ တိုက်ရိုက်လွှင့်ထုတ်နေသော 2008 အိုလံပစ် ဖွင့်ပွဲအခမ်းအနားကြည့်နေရင်း ပေါ်ပေါက်လာရ ခြင်းဖြစ်ပေသည်။ ဟိုက one world one dream၊ သူကား one world my dream ဖြစ်ကာ ကုလားကားတစ်ကားစာမက ရှည်လျား ထွေ ပြားလှသော ထိုအခမ်းအနားကြီးနှင့်အတူ၊ ခံစားမှု အစုံစုံ ရင်ခုန်ခြင်း ပြင်းစွာဖြင့် ဒုတိယမ္ပိ “ တောက်” တစ်ချက် ထပ်ခေါက်မိပြန်တော့ သည်။

ထိုပွဲကြီးက ခမ်းနားကြီးကျယ်လှပါသည်။ အဆင့်မြင့်နည်းပညာများဖြင့် ဖန်တီး တည်ဆောက်ထားပါသည်ဆိုသော စာဗူးတောင်း အသိုက် ပုံစံ Olympic Stadium ကြီးကို မြင်တွေ့ရသည်မှာ ကျေနပ်အားရစရာကောင်းလှ၏။ နေနှင့်ဦး .. သူ့အလှည့်ကျမှ သပွတ်အူပုံစံ အတုယူ ကာ Naypyidaw Olympic Stadium ကြီးတည်ဆောက်ဖို့ ဗိသုကာ၊ အင်ဂျင်နီယာ အကျော်အမော်များကို ညွှန်ကြားရဦးမည်ဟု တေး မှတ်ထားလိုက်မိသေးသည်။ တရုတ်တွေ သုံးသည့် မီးရှူးမီးပမ်း အလှဖေါက်ခြင်းမှာလည်း အံ့ဘနန်း ရှိလှပေသည်။ နောက်နှစ် တပ်မတော်နေ့ အခမ်းအနား ဒင်နာလုပ်လျှင် ယခုတရုတ်တို့ဆီက နည်းနာတောင်းရမည်။ နေဦး .. နည်းနာတင်မဟုတ်၊ လူတွေပါငှားမှ..၊ ငါ့ ကောင်တွေက ပစ်ရ၊ ခတ်ရ၊ ဖေါက်ရ၊ ခွဲရမည်ဆိုလျှင် ဘယ်တော့မှ မိုးပေါ်ထောင်ပစ်တတ်သူများမဟုတ်။ စစ်တပ်ဆိုတာ ပစ်ရင် တည့် တည့်ပဲ ပစ်သည်မဟုတ်လား။ မတော် .. ညစာစားနေတုန်း မီးကျည်တစ်တောင့်လောက် သူ့ရင်ဝလာမှန်လျှင် လားပင်စင် ရသွား နိုင်သည်လေ။ မဖြစ်ချေ.. တော် .. တော် ..။ အတွေးများကို ရုပ်သိမ်းတော် မူလိုက်ပါသည်။

သူဆက်ရှုစားတော်မူသည်။ ကိုယ့်နိုင်ငံက ရှစ်လေးလုံး နှစ်ပတ်လည်အချိန်မတော်ကြီးတွင် ဘာများ ထဖြစ်လေမလဲဟု နောက်ကြောင်း မအေးရသည်ကလည်းရှိသေး။ တစ်နေကုန် ဆိုးဆိုးဝါးဝါးကြီး မဖြစ်ခဲ့၍သာ ယခုလို TV ရှေ့ ဖင်ကျောက်ချတော် မူနိုင်ခြင်းဖြစ်၏။ ကြည့် စမ်းပါတော့။ တရုတ်ကို ဒက်ဒီခေါ်ထားတာမမှား။ ဓနအင်အား၊ နည်းပညာပိုင်ဆိုင်မှု၊ လူသားအရင်းအမြစ် ပေါကြွယ်ဝခြင်း၊ အစရှိသည် တို့ကို အသုံးချပြီး တရုတ်ဆိုတာ အဲသလိုမျိုးဟု ကမ္ဘာကြီးအား ၀ံ့ဝံ့ကြွားကြွား ကော့ပြလိုက်ချေပြီ (ရင်ဘတ်)။ ယခု မြင်နေရသည်များက အံ့မခန်းတွေချည်း။ ကိုယ်တော်တိုင် အမြင့်စံဧကရာဇ် ဖြစ်တော်မူနေပေမယ့် တသက်နှင့်တကိုယ် အိပ်မက်ထဲတောင် ထည့်မမက်ဖူးသော ပြကွင်းပြကွက်တွေကား အင်မတန်မှ ရင်သပ်ရှုမော ဖြစ်ရချေတော့သည်။

ကွင်းအလယ် လူငယ်တွေ ထောင်နှင့်ချီပြီး စည်များကို စည်းချက်ညီညီ ကိုယ်စီရိုက်ခတ်ကာ ကပြသီဆိုသွားခြင်းကို သူနှစ်သက်တော်မူ လှ၏။ နောက်နှစ် တပ်မတော်နေ့ အခမ်းအနားတွင် ငါ့ရဲဘော်တွေကို ဘာဂျာမှုတ်၍ ဗုံတီးပြီး ချီတက်အလေးပြုခိုင်းရမည်။ ဟူဂျင်တောင် နေရာတွင် စိတ်ကူးဖြင့် အခန့်သားထိုင်ကာ တွေးနေမိ၏။ ဧရာမစာရွက်လိပ်သဏ္ဍန် မည့်သည့်အရာကြီးမှန်း မသိသည့် အောက်ခံ အပြား ကြီးပေါ်တွင် နောက်ခံ ဂီတနှင့်အတူ ပန်းချီရေးပြသွားကြသည်များတော့ သူသိပ်နားလည်တော် မမူချေ။ တောင်တန်းလိုလို၊ တောလိုလို၊ နေမင်းကြီးတောင်ပါလိုက်သေး။ ဤနည်းပညာကား သူ့အတွက် သိပ်အသုံးမ၀င်ဟု အထင်ရောက်မိ၏။ နောက်လာသော ထိပ်ပိုင်းကုဗပုံ ရှည်မျောမျောထိပ်တွင် တရုတ်စာထွင်းထားသည်များပါရှိသည့် ထောင်လိုက်သေတ္တာများဖြင့် ရေလှိုင်းပုံဖေါ်ခြင်း၊ အက္ခရာစာလုံးသဏ္ဍန် ထုဆစ်ခြင်းများကား ကြည့်၍ကောင်းလှချေ၏။ မည်သည်အား ရည်ရွယ် သရုပ်ဖေါ်သည်ကို မရှင်းလင်းသော်လည်း နောက်ဆုံးတွင် အဆိုပါ တုံးကြီးများ အောက်မှ လူများထွက်ပေါ်လာသည်ကို မြင်ရမှ တရုတ်တို့ နည်းပညာကို အထူးနှစ်ခြိုက်သွားရ၏။ လေးဘက်စလုံး အလုံ ပိတ်ထားသော ထိုသေတ္တာ ထောင်ထောင်ကြီးများအတွင်းရှိ သရုပ်ဆောင်သူတို့ကား အပြင်ဘက်ကို မြင်ရ၏လော၊ မမြင်ရဘူးလော ဟူ ကား သူမသိချေ။ မည်သို့ပင်ဖြစ်စေ နောက်တစ်ကြိမ် ရွှေဝါရောင်တော်လှန်ရေးလို ထပ်ဖြစ်လာသော် သူ့စစ်သားတွေအတွက် ထို သေတ္တာမျိုးအများကြီး မှာယူထားရမည်။ သို့မှသာ အရပ်ရှစ်မျက်နှာမှ မဖိတ်ခေါ်ဘဲ ရောက်လာနိုင်မည့် အုတ်ခဲကျိုးများ၊ ဂျင်ဂလိများနှင့် ဓါတ်ဆီပုလင်းများဒဏ်မှ ခံသာမည်မဟုတ်လော။ (ပိုင်လိုက်သည့် အကြံ၊ သူကျေနပ်နေမိ၏)

နောက်ထပ်တင်ဆက်သွားသည်များကို မျက်စိကသာ ကြည့်တော်မူနေ၏၊ အတွေးတွေကား လူကိုယ်တိုင် မတက်ရောက်ဝံ့သည့် ဤလိုပွဲ မျိုးကို နှမြောတသဖြစ်မိနေခြင်းသာ။ နောက်ဆုံးပြကွက်ကိုတော့ သူသဘောအကျဆုံးဖြစ်သည်။ စက်လုံးကြီးတစ်ခု ကွင်းအောက်ခြေမှ ဖြေးညင်းစွာ တက်လာပြီးလျှင် အထက်ဝန်းကျင်တစ်ခွင်ကို အာကာသအသွင် ဖန်တီးထားပြီး တရုတ်အာကာသ သူရဲကောင်းများကား လေဟာနယ်ထဲ လမ်းသလားနေကြတော့၏။ မီးဆလိုက်အမျိုးမျိုး၏ လှည့်စားဖန်ဆင်းချက်များအောက်တွင် စက်လုံးကြီးမှာ ကမ္ဘာလုံးကြီး ဖြစ်သွားပြီး၊ အမျိုးမျိုးသော ရုပ်ရှင်ပြကွက်များကို တဖန်မြင်ရပြန်၏။ ဤလို တယ်လီဗေးရှင်း အလုံးကြီးတွေကို သူ့နန်းတော်မှာ တပ်ဆင် ရန်လည်း မမေ့မလျော့ တခါတည်း မှတ်သားလိုက်ပါသည်။ ကြည့်ရင်းပင် ကမ္ဘာလုံးကြီးထိပ်တည့်တည့်၌ တရုတ်အမျိုးသား အဆိုတော်နှင့် ဥရောပသူ အမျိုးသမီး အဆိုတော်တို့ကား တရုတ်သီချင်း တစ်ပုဒ်ကို အဆွဲအငင် အရှိုက်အပင့်များဖြင့် ဟန်ပါပါ ဟဲနေတော့၏။ အလုံးကြီး အောက်ဘက် သေချာစွာ စေငုကြည့်မိတော့ သူလန့်သွားသည်။ လူတွေ .. လူတွေ ..၊ ကမ္ဘာလုံးကြီးကို ပတ်ပြီး ဇောက်ထိုး မိုးမျှော် ပြေးနေ ကြပါလား။ ငါကိုယ်တော် အလှည့်ကျရင်ကော၊ ဤကဲ့သို့ ပြေးနိုင်လွှားနိုင်ပါ့မလားဟု ပေါက်ပေါက်ရှာရှာ တွေးနေမိပြန်ပါသေးသည်။

မကြာခင်ပဲ ကနဦးအစီအစဉ်များ ပြီးဆုံးပါသည်။ သူကား ဒက်ဒီတို့ကို အထင်ကြီး အားကျစိတ်များ ဆထက်တံပိုး ဖြစ်ပေါ်မိတော့၏။ အဖေတော်ထားတာ ငါမမှားချေဘူးဟု ဒုတိယမ္ပိတွေးမိပြန်သေးသည်။

မရှေးမနှောင်းမှာပဲ နိုင်ငံတကာ အားကစားအဖွဲ့များ ကွင်းအတွင်း ချီတက်လမ်းလျှောက် ၀င်လာကြပါသည်။ အစီအစဉ်အစတုန်းကလို မဟုတ်တော့။ လွတ်လပ်ပွင့်လင်းမှုတို့ဖြင့် နွေးထွေးလျက်ရှိနေပါသည်။ ထိန်ထိန်ညီး လင်းလက်တောက်ပနေသော မီးရောင်အောက်တွင် နိုင်ငံတစ်နိုင်ငံမှ အားကစားတစ်ဖွဲ့ ၀င်လာတိုင်း အခမ်းအနားတက်ရောက်လာသည့် သက်ဆိုင်ရာ နိုင်ငံအကြီးအကဲက ထ၍ လက်ပြနှုတ်ဆက်၏။ တချို့က အားပါးတရ၊ တချို့ကား မှင်နှင့် မောင်းနှင့်။ အကယ်၍ မိမိသာတက်ရောက်ခဲ့လျှင်ကော…။

သူ့စိတ်ကား ဤမှစပြီး တမျိုးတမည်ဖြစ်လာပါသည်။ နိုင်ငံအမည် ဆိုင်းဘုတ်ကိုင်ဆောင်ထားသည့် အနီရောင်တရုတ်မလေး၏ နောက်မှ ကပ်ပါလာသော အလံတွေကို ကြည့်ရသည်မှာလည်း မင်းတြားကြီး ချွေးပင်ထွက်တော်မူ၏။ နိုင်ငံပေါင်း တစ်ရာခုနှစ်ဆယ်ခန့်ဆိုတော့ လည်း မူးနောက်နောက်ဖြစ်လာသည်။ အတော်များများကတော့ သူကြည့်မရသည့်နိုင်ငံများဖြစ်ချေ၏။ အဆိုးဆုံးကတော့ အမေရိကန်တွေ။ သောက်ချိုးတစက်မှ မပြေဟု တိုးတိုးရေရွတ်မိသည်။ အားကစားသမား အင်အားကလည်း မနဲချေ။ တရုတ်ပြီးလျှင် သင်းတို့က အ များဆုံးဖြစ်နိုင်လောက်၏။ သူမတွေ့ချင် မမြင်ချင်သော်ငြား အရဲစွန့် ကြည့်မိသည်။ အမုန်းဆုံးကား ဟိုကောင်မလောက်လေးမလောက် စားဘုရှ်တို့ လင်မယားပေါ့။ ဤပွဲမတက်ခင်ကလည်း ထိုင်းမှာ သူ့ကို ကြပ်သွားသေးသည်။ မနေ့ကဒေါသတို့ အရှိန်မသေခင် အဲဒီလင် မယား သူတို့ အားကစားသမားတွေကို မတ်တပ်ရပ်ပြီး နှုတ်ဆက်နေကြသည်မှာ TV screen ထဲမှနေ၍ သူ့ကိုပြောင်ပြ ရန်စနေသည့် နှယ်။ “ တောက်” ဟု တတိယအကြိမ် ရေရွတ်မိပါတော့၏။

ပြီးတော့လည်း သူကောက်ချက်ချမိသည်မှာ တချို့တိုင်းပြည်တို့ အားကစားသမား စေလွှတ်သည်မှာ သူ့တိုင်းပြည်လိုပင် အရေအတွက် နည်းလှ၏။ တော်တော်များများကလည်း ၀င်ရောက်လာသည့် ပုံစံများကအစ စည်းကမ်းမကျလိုက်လေခြင်းပေါ့။ ပရိတ်သတ်ဘက်လှည့်ပြီး မထီမဲ့မြင် ရီပြ၊ပြုံးပြနေတာများ ငါဆိုလျှင် အကြည်ညိုပျက်မှုနဲ့ သေနတ်စာကျွေးပစ်မိမှာဘဲ ဟူသတတ်။ ငါကိုယ်တော်မြတ်က တိုင်းပြည်ကို စည်းနဲ့ကမ်းနဲ့ သေ၀ပ်ပိပြားအောင် အုပ်ချုပ်လာတာလေ။ အနှစ်နှစ်ဆယ်လုံးလုံးတောင်ရှိပြီပေါ့။

နိုင်ငံပေါင်း သုံးပုံနှစ်ပုံကျော်ပြီးတော့မှ ဘ၀ရှင်မင်းတြားကြီး စေလွှတ်တော်မူသော ရွှေမြန်မာအားကစားသမားတို့ ၀င်ရောက်လာကြပါ သည်။ ကွင်းတစ်ခုလုံး ဟိန်းထွက်လာသည့် အင်္ဂလိပ်-တရုတ်နှစ်ဘာသာဖြင့် ကြေငြာလိုက်သည်မှာလည်း သူတောင် လန့်ဖြန့်သွားမ တတ်ပင်။ “ မြန်မာ .. ” ဆိုဘဲ။ အဖွဲ့ဝင် စုစုပေါင်းရှစ်ဦးတိတိ။ ဒက်ဒီအိမ်သို့ သူ့မျက်နှာထောက်ထားပြီး စေလွှတ်ရခြင်းဖြစ်သော်လည်း အ သွားအပြန် လေယာဉ်စရိတ်နှင့် အစုစုပေါင်းသော် ကုန်ကျမှုများက ဒေါ်လာသောင်းသိန်း ဘယ်လောက်များရှိပြီလဲမသိ။ ကွင်းထဲ သူတို့ဝင် ရောက်လာပြီးတိုတောင်းလှသောစက္ကန့်ပိုင်းလေးမှာပင် ကင်မရာပြကွက်များ နောက်ဘက်သို့အလျှင်အမြန်ရွှေ့ပြောင်းသွားပါသည်။ ဟိုဝန် လေး မောင်ဥာဏ်ဝင်း တစ်ယောက် သူများတွေလို ထပြီးနှုတ်ဆက်သလား၊ မလားဘူးဆိုတာတောင် မမြင်လိုက်ရချေ။

ဘ၀ရှင်မင်းတြားကြီးကား ဤအခိုက်အတန့်လေးတွင် အတော်ပင်တင်းတော် မူသွားရသည်။ (ရွှေစိတ်တော်ဆိုလိုခြင်းပါ)။ မီဒီယာသမားတို့ ဘယ်အချိုးချိုးလေသနည်း၊ စစ်ချီဟန်ဖြင့် ဘယ်ညာဘယ်ညာ အော်ရုံမတတ် အားနှင့်မာန်နှင့် ချီတက်ဝင်ရောက်လာကြသော မိမိအဖွဲ့ဝင် များ၏မျက်ခွက်တွေတောင် သေချာမတွေ့လိုက်ရသေး။ နောက်မှ ကပ်လိုက်လာသော ဆွစ်ဇာလန် အသင်းဆီသို့ ကင်မရာမြင်ကွင်း ချက် ချင်း ပြောင်းသွားလေတော့သည်။ နောက်မတော့ ကမ္ဘာကျော် တင်းနစ်သမားဖယ်ဒရာဆိုသူကို အနီးကပ် ထပ်ကာထပ်ကာ ပြနေချေတော့ ၏။ သူကား တီဗွီရှေ့ထိုင်ကာ နာလိုခံခက်အမျက်ကြီးစွာထွက်နေချေတော့သည်။

ဘ၀ရှင်မင်းတြားကြီးကား တနုံ့နုံ့ဖြင့် ဒေါမနဿပွားလိုက်၊ ကျွဲမြီးတိုလိုက်ဖြင့် တညစ်တည်းညစ်နေပါသည်။ ကမ္ဘာ့အလယ်မှာ မရှိတဲ့ အရှက် ကွဲပေါင်းများလှပြီဖြစ်သလို၊ ကမ္ဘာမှာ မြန်မာဆိုတာ ဤသို့ပင်ရှိချေတော့သည် ဟု မိမိတိုင်းသူပြည်သားများ အမှန်အတိုင်း သိမြင် ကုန်ကြမည်ကို စိုးရွံ့လျက်ရှိနေ၏။

နောက်ဆုံးပိတ် အိမ်ရှင်တရုတ်အဖွဲ့ကွင်းလယ်မှာ နေရာယူပြီးမှသည်၊ ပွဲတော်ကျင်းပရေး လူကြီးလူကောင်းများမှ မိန့်ခွန်းပြောကြားခြင်း၊ အိုလံပစ်အလံလွှင့်တင်ခြင်း စသည်တို့ကို စိတ်မသက်သာစွာဖြင့် ထိုင်ကြည့်နေမိသည်။ တပါးသူတို့အား နှုတ်မှဖွင့်ပြောရန် အင်မတန် ခက်ခဲလှသော မိမိစိတ်အတွင်းမှ အခြေအနေခံစားမှုပေါင်းစုံတို့ကိုလည်း ကိုယ်တော်တိုင် ပြန်လည်သုံးသပ်နေမိ၏။ မိမိတို့ အုပ်ချုပ်သည်မှ စ၍ ငါးပါးမှောက်ခဲ့ပြီးဖြစ်သော တိုင်းပြည်မှာ ယခုအခါသံဃာစင်ရော မယ်သီလရှင် ဘီဒိုတွေပါမကျန် ကျွမ်းထိုးမှောက်ခုံ ဖြစ်လျက်ရှိနေ သည်။ မသိမဟုတ်၊ သိသိကြီးနှင့် ခက်နေသည်ကား အစားဘရိတ်ကို မအုပ်နိုင်ခြင်းပင်။ မိမိတို့ နအဖတဖွဲ့လုံး စားပုံမျိုးကား “ မြန်မာ့အစား ကမ္ဘာကိုလွှမ်းရမည်” ဟူ၍ ယခင်ဆောင်ပုဒ်အဟောင်းကို ပြောင်းပစ်ရမတတ် ဖြစ်နေပေသည်။ လိမ်နည်း၊ ခိုးနည်း၊ ၀ှက်နည်း၊ သတ်နည်း၊ တိုက်နည်း၊ လုနည်းတို့သာ ယခုအိုလံပစ်တွင် ထည့်သွင်းယှဉ်ပြိုင်ခွင့်ရပါမူ မိမိတို့ ဘိုချုပ်များ ၀င်ရောက် ယှဉ်ပြိုင်ပါက ရွှေတံဆိပ်ချိတ်ရန် မြေကြီးလက်ခပ်မလွဲတည်း။ တကိုယ်တည်း ထပ်မံရေရွတ်မိ၏။

“ ဒီအိုလံပစ်က ငါတို့ဂုဏ်ပျက်တယ် .. ”

အချိန်လည်းနှောင်းပြီ။ ဖင်လည်းညောင်းပြီ။ အရေးအကြီးဆုံးအစီအစဉ်ကား ယခုမှစတင်ချေပြီ။ အိုလံပစ်မီးရှူးတိုင် ထွန်းညှိခြင်းဆိုပါလား။ သူဆက်ကြည့်၏။ အထူးအဆန်းတော့ မရှိပါ။ ယခင်တွေကကဲ့သို့ အားကစားသမားများ တစ်ဦးချင်းစီမှ မီးရှူးတိုင်အား ဆင့်ကဲ ဆင့်ကဲ သယ်ဆောင်သွားခြင်းပင်။ နောက်ဆုံး လက်ခံရယူသူက အသက်ခပ်ကြီးကြီး အားကစားသမားတစ်ဦး။ အားကစားပွဲစဉ် တလျှောက် အမြဲထွန်းညှိထားမည့် အဓိကမီးရှူးတိုင်ကြီးဆီသို့ သူကလက်ဆင့်ကမ်း မီးကူးပေးရန်တာဝန်ကျသူ။ အမြင်ထူးသည့်အချက်မှာ အဆိုပါ ပုဂ္ဂိုလ်၏ ကျောဘက်တွင် ကောင်းကင်စက်သီးကြိုးနှစ်ချောင်း တန်းလန်းကြီး..။ တရုတ်တွေက လေထဲပျံတာ တော်တော် ၀ါသနာပါသည် ထင့်။ ရှေးခေတ်သိုင်းအကျော်အမော်တို့လို သူလည်းလေထဲပျံဦးမယ့်သဘော။

ကြည့်နေရင်းပင် ထိုသူလေထဲ ခပ်ဖြေးဖြေး မြောက်တက်သွား၏။ ပြီးတော့ ငှက်သိုက်အားကစားရုံ အမိုး၏ အတွင်းဘက်နံရံကို ခြေကန် ထားသည့်ဟန်ဖြင့် တောက်လျှောက်ပြေးပါတော့သည်။ သိုင်းဇာတ်ကားထဲ သိုင်းချသလိုမဟုတ်သည်ကတော့ စလိုးမိုးရှင်းဖြင့် ပြေးနေ ခြင်းပင်။ လက်တစ်ဘက်က မီးတိုင်ကိုင်၍ ကျန်တစ်ဘက်က ရှေ့နောက်အားယူလွှဲကာ ဟန်ပါပါပြေးနေပုံကြည့်ပြီး တရုတ်တွေတော့မသိ၊ သူကား ပါးစပ်အဟောင်းသားပင်ဖြစ်နေမိသည်။ လေထဲ၌ သူ့ခန္ဓာကိုယ်ကို အမိုးစောင်းအလိုက် ခြေကန် ကိုယ်ဖေါ့ပြေးနေပုံကား ကြည့်၍ ကောင်းလှပါတော့သည်။

ကွင်းတစ်ပတ်ပြည့်အောင် ပြေးသည်ဟုသူထင်ပါသည်။ ဧရာမမီးရှူးတိုင်ကြီးဆီသို့အရောက်တွင် လေထဲတန်းလန်းချိတ်ထားသော သတ္တု ပိုက်လုံးတစ်လုံး အနီးတွင် သူပါတန်းလန်းကြီး ရပ်သွား၏။ ခဏမျှငြိမ်သက်နေပြီး အဆိုပါပိုက်လုံးကို လက်ထဲမှ မီးတိုင်ငယ်ဖြင့် တို့ထိမီး ကူးပေးလိုက်သည်နှင့် တပြိုင်နက် မီးတောက်ကြီးမှာ ပိုက်တစ်လျှောက် အရှိန်ကောင်းစွာဖြင့် ခရုပတ်ခွေပုံသဏ္ဍန်အတိုင်း အထက်သို့ လောင်တက်သွားလေသည်။ နောက်ဆုံးမတော့ အိုလံပစ်မီးတိုင်ကြီးမှာ မီးထွန်းညှိပြီးသားဖြစ်သွားပြီး ကောင်းကင်သို့တိုင် အရှိန်ပြင်းစွာဖြင့် တောက်လောင်လျှက်ရှိနေတော့သည်။

ထိုအချိန်မှာပင် အတွင်းဆောင်ထဲမှ မိဘုရားခေါင်ကြီးထွက်လာကာ ကြင်ယာတော် မင်းတြားကြီးအား တစ်ချက်မျှ ငဲ့ကြည့်လိုက်ပြီး တဖန် TV ဖန်သားပြင်ပေါ်သို့ အကြည့်ရောက်သွားလေ၏။ စူးစိုက်ကြည့်နေရင်း ခဏမျှအကြာတွင် ..

“ ဟယ် ..၊ လှလိုက်တဲ့ မီးတောက်ကြီး၊ ဟို .. နမတော် (အဲလေ ..) နှမတော်တို့ တီဗွီကပြတဲ့ ရဲတံခွန်တို့ ..၊ ရွှေသဘာဝဓါတ်ငွေ့စီမံကိန်း တို့ကနေ ရှို့ထားတဲ့ အတိုင်းပဲနော် .. မောင် တော် .. ” ဟူသတတ်။

ဘ၀ရှင်မင်းတရားကြီးမှာ ကြင်ယာတော် မှတ်ချက်ကြောင့် မိန်းမောနေရာမှ လန့်နိုးလာသူကဲ့သို့ သူ့ထံတချက်ပြန်လှည့်ကြည့်လိုက် လေသည်။

“ သူတို့ရှို့ထားတဲ့ ဒီမီးတိုင်က ဂက်စ်တွေက နှမတော်တို့ဆီကဟာတွေ ဖြစ်ရင်ဖြစ်နေမှာ မောင်တော်ရဲ့ .. ”

ထိုစကားကို ကြားလိုက်ရသော် ဘ၀ရှင်မင်းတြားကြီးမှာ မျက်လုံးအစုံပြူးကျယ်သယောင် ဖြစ်လာပြီး ပြုံးဖြဲဖြဲနှင့် နှုတ်မှလည်း ..

“ ဟား .. ဟား .. ဒို့မြန်မာတွေ ဂုဏ်ပျက်စရာ မရှိဘူးကွ။ ဟား .. ဟား .. ဒီအိုလံပစ်ဖွင့်ပွဲက ဒို့ကြောင့်ပွင့်ရတာ .. မြန်မာဂက်စ်ကြောင့် ..၊ ဂုဏ်ယူရမယ် ..၊ ဂုဏ်ယူရမယ် .. ဟား ဟား ဟား … ”

ဟု ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပါတော့သတည်း ။ ။

Read More...

Monday, June 2, 2008

ပြောင်လျှာရှည်တို့ကတဲ့ဇာတ် (၁၇)

တိန် .. တိန် .. တိန် .. ဗြောင်လိမ် .. ပူ .. ဗြောင်လိမ် ဗြောင်လိမ် .. တိန် .. တိန် .. တိန် .. ဗြောင်လိမ် .. ပူ .. ဗြောင်လိမ် ဗြောင်လိမ် ..

(ဇာတ်တီးလုံးဆိုပါတော့၊ ဖြည့်တွေးကြပါ ..)

ကျွန်တော်တို့ရဲ့ ရွာစားကျော် စိန်ပတ်ရှည်တစ်ယောက်ဟာ ငပိတော (အဲလေ .. ) ငပုတော (အာ..ဟုတ်သေးပါဘူး) ဘိုကလေးမှာ ယမ် ယမ်ခေါက်ဆွဲကြား လက်ညပ်သွားလို့ အရိုးထဲက ယားသတဲ့။ ဒါကြောင့် နောက်ဆုံးနှစ်သံက ဗြောင်လိမ်လို့ထွက်နေတာပါ။

အဲဒီအချိန်မှာပဲ ပြောချင်လွန်းလို့ အငြိမ့်အဖွဲ့ကြီးရဲ့ ပြည်ဖုံးကားကြီး “၀ုန်း” ကနဲ ပွင့်တက်သွားတယ်။ ကြိုးဆွဲစရာမလိုတော့ဘူးခင်ဗျ။ ကိုသိန်းစိန် ဘိုကလေးလာတုန်း သူပြောတာတွေ အဲယားကွန်ပရက်ဆာထဲ ထည့်သိမ်းထားပြီး အခုမှသုံးရတာ။ မှုတ်တင်လိုက်တယ်ပေါ့။ နာဂစ်နဲ့အတူ ခေတ်မှီကုန်တာပါခင်ဗျာ။

အလဲ့ !! .. ဒီတစ်ပွဲလူစုံတယ်ဗျ။ Micro Spot Light အရေအတွက် စုစုပေါင်း 11.7 ဘီလီယံရဲ့ အလင်းရောင်အောက်မှာ “ ပြောချင်လွန်း လို့ ” အငြိမ့်အဖွဲ့သားငါးယောက် လက်အုပ်လေးချီလျက် ရိုကျိုးစွာရပ်လျက်ရှိပါတယ်။

ဝဲမှယာသို့ မောင်ဒိုင်း၊ ပြောင်ရှည်၊ မင်းသမီးသန်တာရှည်၊ လျှာရှည် နေနတ်နွယ်တို့၊ လေးယောက်နဲ့ တစ်ကောင်ဟာဆိုရင်ဖြင့် ဗွက်သရေ အပေါင်းနဲ့ ပြည့်စုံနေပါတော့တယ်။ လပ္ပတ္တာအနီး လမုတောရှိ လဗွက်တော ..(သြော်.. အရှိန်လွန်သွားတာ) ဗွက်တောထဲက.. ဗွက်အ ရောင်ရှိတဲ့ ကြပ်ပြည်နန်း ရှယ်နယ်ဖိုက်တံဆိပ် ရေမွှေးတွေ၊ မိတ်ကပ်တွေ သုံးထား၊ လူးထားလို့ပဲခင်ဗျ။

တိန် .. တိန် .. တိန် .. ဗြောင်လိမ် .. ပူ ဗြောင်လိမ် .. ပူ ဗြောင်လိမ် ..

စိန်ပတ်ရှည်လက်ကတော့ ခေါက်ဆွဲခြောက်ထုပ် အညှပ်ခံထားရတာ ဒီတစ်သက်ပြန်ကောင်းတော့မယ် မထင်ဘူးလေ။

ကဲ .. ရှည်ရှည်တို့အဖွဲ့ ရှည်နေလို့မပြီးသေး။ စပြီခင်ဗျ .. ဒန် တန် တန်..။

သန်တာရှည် ။ ။ “ မင်္ဂလာပါချန်၊ ရွှေဘလော့လာ မိဘပြည်သူအပေါင်း ကိုယ်စိတ်နှလုံး ရွှင်ပြုံးချမ်းသာတော် မူကြပါစချန် .. ”

ပြောင်ရှည် ။ ။ “ ကြည့်ပြော မင်းသမီး၊ ခေတ်ကသိပ်မကောင်းဘူး ..”

မောင်ဒိုင်း ။ ။ “ ရှင်ဆိုလဲရှင်၊ ရှန်ဆိုလဲရှန်ပေါ့။ ဘယ့်နှယ် .. ချန်က ဘာတုန်း ..”

နေနတ်နွယ် ။ ။ “ တူ .. ချဂါးပီဝူးထင်တယ် .. ”

လျှာရှည် ။ ။ “ သြော် .. အသာနေပါ နင်က .. ”

ပြောင်ရှည် ။ ။ “ အင်း .. ငါကြားတာ မှန်လောက်တယ် ..”

မောင်ဒိုင်း ။ ။ “ ဘာတုန်းဗျ.. ကိုပြောင်ရှည်၊ လင်းပါဦး ..”

နေနတ်နွယ် ။ ။ “ လောလောဆယ် မလင်းနိုင်ဘူး။ ဟတ်စကီးကြီးလာပြီး ဆီရမှ ခုတ်နိုင်မှာ ..”

လျှာရှည် ။ ။ “ ခုနှစ်စီးဆိုလား၊ နဲဘူးဟ ”

မောင်ဒိုင်း ။ ။ မီး .. သတိ ..၊ အန္တရာယ်ရှိသည်၊ ဂါလံ ၁၆၀၀ ..”

ပြောင်ရှည် ။ ။ “ တော်ပါတော့ !! .. ရှုပ်ကုန်ပြီ။ ငါကြားတာ ဟိုကြပ်ပြေးမှာ ခွဲတမ်းချကြသတဲ့။ ဘယ်သူကဘယ်မြို့ယူ ..ဘာ ညာ..၊ အဲဒါ မင်းသမီးက ဟိုဟာဆိုလဲ သူ့လင်ဖို့ချန်၊ ဒီဟာဆိုလဲ သူ့လင်ဖို့ချန်နဲ့၊ နောက်ဆုံး ချ နဲ့ ရှ မပီတော့တာပါချန် .. အဲလေ.. ခင်ဗျာ ..”

လျှာရှည် ။ ။ “ အင်း .. နာဂစ်အရသာက မင်းသမီးတို့အတွက်တော့ ချတတလေး .. အဲလေ ရှတတလေးတွေ ဖြစ်ကျန်ခဲ့မှာပေါ့။ ကောင်းပါ့ .. ”

နေနတ်နွယ် ။ ။ “ ဘာတွေတုန်းဗျ .. ခင်ဗျားတို့ဟာကလည်း ချုပ်နေတော့တာပဲ ..”

မောင်ဒိုင်း ။ ။ “ ချုပ်တာက မင်းသမီးပါ။ ကိုယ်တွေကတော့ ချင်းချင်းပဲ .. ဟဲ ဟဲ ..”

သန်တာရှည် ။ ။ “ ကဲ .. ကဲ ..၊ တော်ကြပါတော့ချန်၊ မီးတို့ ဒီည ရတဲ့အချိန်က နဲတယ်မဟုတ်လားချန်၊ ဒီတော့ .. တော့ .. ”

ပြောင်ရှည် ။ ။ “ ဟုတ်ပါပြီ။ နောက်မှချန်တော့၊ ငါလဲ ခွန်းထောက် ဘယ်ကစဆိုရမှန်း မသိတော့ပါလား လျှာရှည်ရေ .. ဒါနဲ့ ဟိုဘက်က ရပ်နေတာ နေနတ်နွယ်လားခင်ဗျ .. ”

နေနတ်နွယ် ။ ။ “ ဟုတ်ပါတယ်ချန် .. တားတား ..ခုလို .. လို .. လို ”

ပြောင်ရှည် ။ ။ “ အေး .. ခုလို ညီအကိုတွေ စုံစုံညီညီတွေ့ရတာ အဆဲခံရဖို့များပါတယ်၊ ဟော .. ဒီဘက်က ကိုမောင်ဒိုင်းလား ခင်ဗျ ..။ ”

မောင်ဒိုင်း ။ ။ “ အင်း .. ဟုတ်တယ်၊ ကျုပ်မောင်ဒိုင်းဘဲ .. ”

ပြောင်ရှည် ။ ။ “ ကောင်းပါပြီ၊ အဲသလောက် အချည်ကြီး .. အဲလေ .. အရှည်ကြီး မပြောပါနဲ့လားကွယ်၊ မောနေပါဦးမယ် .. ”

လျှာရှည် ။ ။ “ အင်း .. ခု ဒီညမှာတော့ ကျွန်တော်တို့ အဖွဲ့သားတွေ တစ်စုတစ်ပေါင်းတည်း စုံညီစွာ ဖျော်ဖြေခွင့်ရကြတဲ့ ပွဲပါပဲ။ ဟုတ်ဘူးလား ညီအကိုတို့ရေ .. ”

လူရွှင်တော်သုံးယောက်+မင်းသမီးတစ်ကောင် ။ ။ “ ဟုတ်ပါတယ်ခင်ဗျာ/ချန် .. ”

ပြောင်ရှည် ။ ။ “ ဟုတ်ပါပြီ..ဟုတ်ပါပြီ..မင်းသမီးချန်၊ ရန်ရန်ချမ်းတော့ မဟုတ်လောက်ဘူး၊ ရမ်းရမ်းချန်ပဲ ဖြစ်ရမယ်။ ကဲ .. မင်းသမီး အထဲ ခဏကြွ။ ခု .. ကျွန်တော်တို့ ညီအကိုလေးယောက် ကနေ့နာဂစ်ဒဏ်ခံ မိဘပြည်သူများကို အားပေးစကားပြောဖို့ လာခဲ့ခြင်း ဖြစ်ပါတယ်။
ဝမ်းနဲပူဆွေးနေကြရတဲ့အထဲမှာ တကယ်လို့ ကျွန်တော်တို့ အပြောအဆို အမြင်မတော်တာ များရှိခဲ့ရင် သက်ဆိုင်ရာဌာနအကြီးအကဲထံသို့ အဆင့်ဆင့် ခွင့်ပြုချက်တောင်းခံ ပြီး … ပြီး .. ”

မောင်ဒိုင်း ။ ။ “ ဟေ့လူ .. ”

ပြောင်ရှည် ။ ။ “ အဲ .. အဲ .. ဆောရီးပါခင်ဗျာ၊ လွန်တာရှိ ၀န္ဒာမိပါလို့ ကျွန်တော်တို့အားလုံး ကြိုတင်ကန်တော့အပ်ပါတယ် ခင်ဗျာ.. ”

တိန် .. တိန် .. တိန် .. ဗြောင်လိမ် .. ပူ .. ဗြောင်လိမ် .. တိန် .. တိန် .. တိန် .. ပူ ဗြောင်လိမ် ..

နေနတ်နွယ် ။ ။ “ ရွာစားကတော့ အောက်ကနေ အပြတ်ကို ထောက်ခံနေပြီ .. ”

လျှာရှည် ။ ။ “ အင်း .. အင်း .. ကောင်းလှချေရဲ့ ပြောင်ရှည်ရေ .. ဒါနဲ့ .. ဒီညအတွက်ဘယ်လိုဘယ်ပုံ တင်ဆက်ဖို့ စီစဉ်ထားတုန်း .. ”

ပြောင်ရှည် ။ ။ “ အင်း .. ကျွန်တော်တို့ရဲ့ မိဘများ စိတ်ဓါတ်ရေးရာ တက်ကြွလန်းဆန်းစေဖို့ သံချပ်လေးနဲ့ အားပေးကြမယ်လေ၊ မကောင်းဘူးလားဗျာ .. ။ ”

မောင်ဒိုင်း ။ ။ “ သံရှပ် .. သြော် .. သံချပ် .. အင်း ..ကောင်းပါ့ဗျာ .. ”

နေနတ်နွယ် ။ ။ “ ကိုဒိုင်းတို့က မှတ်ဥာဏ်တယ်ကောင်း .. မင်းသမီးမှားစရာမလိုဘူး .. ”

ပြောင်ရှည် ။ ။ “ အင်း .. အငြိမ့်အစ သံချပ်ကဆိုတဲ့ စကားရှိတယ်လေ။ သံချပ်လေးမှ မပိုင်ရင် အငြိမ့်က' စားလို့ ဘယ်ဖြစ်မလဲ။ ကျွန်တော်တို့ရဲ့ ဘိုးဘွားလက်ထက်ကတည်းက ဆရာ့ဆရာကြီးများရဲ့ ဆိုရိုးအတိုင်း သံချပ်လေးနဲ့ စကြရအောင်ဗျာ၊ ညီအကိုတို့ .. ”

လျှာရှည် ။ ။ “ ထိုးတာကဟုတ်ပါပြီ။ ဘယ်အကြောင်းထိုးကြမှာတုန်း .. ”

ပြောင်ရှည် ။ ။ “ သြော် .. ဒီလိုလေ၊ တို့မြန်မာပြည်ထဲထဲကို နာဂစ် ဘယ်ပုံဘယ်နည်းရောက်တယ်။ ငါတို့ရဲ့ နိုင်ငံတော်ကြီးက.. အဲ .. အဲ လူကြီးတွေက ဒီဒုက္ခဘေးဆိုးကြီးက လွတ်ကင်းအောင် ဘယ်လို ကူညီစောင့်ရှောက်ကြတယ်၊ ပြန်လည်တည်ထောင်ရေး အစီအစဉ်တွေ ဘယ်လိုချမှတ်ထားတယ်၊ အဲဒါတွေကို တို့ မိဘပြည်သူများ သိအောင် ပြောကြမယ်ကွာ .. ဒါပဲပေါ့ ညီအကိုတို့ရ .. ဟဲ .. ဟဲ .. ဟဲ .. ”

နေနတ်နွယ် ။ ။ “ ဒါပေါ့ .. ဒါပေါ့ .. လူမှုထူးချွန်ဆုတို့ စီမံထူးချွန်ဆုတို့ တစ်ဒါဇင်လောက် ရနိုင်တယ်ဗျ.. အစ် အစ် .. အု အု .. ”

မောင်ဒိုင်း ။ ။ “ နင်နေမယ် ကောင်လေး၊ လျှော့ .. လျှော့ .. ”

ပြောင်ရှည် ။ ။ “ ကဲ .. ကဲ အပြောနဲ့တင်မပြီး၊ (ခါးတောင်းထကျိုက်) .. အလုပ်နဲ့ သက်သေ တကယ်ပြရတော့မှာကိုး .. ၊ ဇာတ်သမား လာရင် မှတ်သားစရာပါရမယ်၊ ဟော .. ဇာတ်သမား ပြန်တော့ ဂုန်နီအိတ်စုတ်တွေ၊ ပြောင်းဖူးရိုးတွေ၊ အုတ်ခဲကျိုးတွေ .. ”

မောင်ဒိုင်း ။ ။ “ မှားနေဘီ … မှားနေဘီ .. နာဂစ်လာတော့ လေပဲပါတယ်။ ဟော .. နာဂစ်ပြန်တော့လဲ လေတွေပဲ ကျန်တယ်။ ပြော လိုက်ကြတာ၊ ဘန်ကြီးတောင် ပါသေး”

ပြောင်ရှည် ။ ။ “ အင်း .. အဲ .. အဲ .. ဒါတွေ မကျန်ရအောင်၊ ဟိုလေ .. ဇာတ်သမားပြန်ရင် မှတ်သားစရာလေးတွေ ကျန်ရအောင် .. ကဲ .. ရွာစားရေ ခုနက ဗြောင်လိမ်လေး လုပ်ပါဦး … ”

ကျန်လူရွှင်တော် သုံးယောက်ကလဲ ခါးတောင်းအသီးသီး ကျိုက်လျက် …

တိန် .. တိန် .. တိန် .. ဗြောင်လိမ် .. ပူ .. ဗြောင်လိမ် .. တိန် .. တိန် .. တိန် .. ဗြောင်လိမ် ပူ ဗြောင်လိမ် ..

ပြောင်ရှည် ။ ။ “ ကဲ .. အသင့်လား .. စပြီဟေ့ … (လက်သီးလက်မောင်းတန်းလို့ ခုန်ပေါက်ပြီးတော့ပေါ့ဗျာ .. ဆိုကရေးတီး ကြည့်ဖူးတယ်ဟုတ် .. အင်း .. အဲလိုပဲဗျ .. ) ၂၀၀၈ ရဲ့ မေလမှာ .. ”

ကျန်တဲ့ လူရွှင်တော် သုံးယောက်လား၊ ဘယ်ဆိုမလဲ၊ ဘာဆိုရမှန်းမှ မသိတာ၊ တစ်ဦးကိုတစ်ဦးမေးငေါ့လျက် ရှိနေတာပေါ့။

ပြောင်ရှည် ။ ။ “ အမ် .. ထောက်ကြလေ ..၊ ဆိုကြလေ .. ”

လျှာရှည် ။ ။ “ ငါတို့ကဘာဆိုရမှာတုန်း .. ၂၀၀၈ မေလဆိုတော့ ကဆုန်လေ၊ ညောင်ရေသွားသွန်းရမှာလား .. ”

ကျန်နှစ်ဦးကလဲ နားမလည် ..။

ပြောင်ရှည် ။ ။ “ အိမ်း … စကတည်းကိုက ပွဲကလှနေပြီ။ နာဂစ်လေ၊ နာဂစ်အကြောင်းလေ၊ ခုပဲ ငါပြောတယ် မဟုတ်လား .. ”

မောင်ဒိုင်း ။ ။ “ အေးလေ .. အဲဒါဘာဖြစ်တုန်း .. ”

နေနတ်နွယ် ။ ။ “ ၂၀၀၈ ရဲ့ မေလမှာ .. နာဂစ်ဆိုတာ မုန်တိုင်းကြီးဗျ … ဟဲ ဟဲ .. အဲလိုမဟုတ်လား ကိုပြောင်ရ .. ”

ပြောင်ရှည် ။ ။ “ အင်း .. နင်တော်တယ်၊ နာဂစ်ဆိုတာ မုန်းတိုင်းဟုတ်ဖူးဟေ့ .. နင့်ကြီးဒေါ် .. အော် .. ငါ့နှယ်နော် .. ဒီမှာ .. ၂၀၀၈ ရဲ့ မေလမှာ .. တောင်အရပ်က လေမုန်တိုင်းကြီး .. တောင်အရပ်က လေမုန်တိုင်းကြီး ..၊ ဒီလိုလာရမှာပေါ့။ ဘယ်လိုစတယ် .. ? ”

လူရွှင်တော်သုံးဦး ။ ။ “ (သဘောပေါက်သွားပြီလေ ..) ဟေး ….. တောင်အရပ်က လေမုန်တိုင်းကြီး ..၊ တောင်အရပ်က လေမုန် တိုင်းကြီး .. ”

ပြောင်ရှည် ။ ။ “ ဂွတ် .. ၊ နိုင်ငံတော်ရဲ့ သတင်းစာတွေ .. ”

လူရွှင်တော်သုံးဦး ။ ။ “ တောင်အရပ်က လေမုန်တိုင်းကြီး .. တောင်အရပ်က လေမုန်တိုင်းကြီး .. ”

ပြောင်ရှည် ။ ။ “ ဟိုး .. တော် .. တော် .. အောင်မယ်လေးဗျာ .. မုန်တိုင်းကမလာသေးဘူးလေ ..၊ သူလာမှာ တို့လူကြီးတွေက သိ တယ်လေကွာ ..၊ အဲဒီတော့ ဒီကောင်လာမှာအတွက် သတင်းစာက ဘာလုပ်ရမတုန်း .. ”

မောင်ဒိုင်း ။ ။ “ အီးအီးကုံး၊ ဒါမှမဟုတ် ငရုတ်သီးထုပ်ရမှာပေါ့ .. ၊ ရေမစိုရအောင် .. ၊ နို့မို့ မှိုလိုက်သွားမယ် ထင်တယ် .. ”

ပြောင်ရှည် ။ ။ “ အေး .. အဲဒီဟာနဲ့ လေမတိုက်အောင် ကာကြဟေ့ .. ညစ်ပါ့ကွာ .. ၊ သတင်းစာဆိုတာ ပြည်သူလူထုရဲ့ အားကိုး ယုံကြည်ရာလေ .. ခက်ပါ့ကောင်လေးတွေ၊ .. လိုက်ဆို .. ၊ နိုင်ငံတော်ရဲ့ သတင်းစာတွေ .. ဒို့ပြည်သူတွေ ယုံကြည်အားထား ..၊ လုပ် ..
နိုင်ငံတော်ရဲ့ သတင်းစာတွေ .. ”

ကျန်တဲ့ သုံးဦးက ချက်ဆို ဗိုက်မှာရှိတယ် သိပြီးသား ..

လူရွှင်တော်သုံးဦး ။ ။ “ဒို့ပြည်သူတွေ ယုံကြည်အားထား ..၊ ဒို့ပြည်သူတွေ ယုံကြည်အားထား .. ”

ပြောင်ရှည် ။ ။ “ ရက်စ် ..၊ ဇလဗေဒက ထုတ်ပြန်တာ … ”

လူရွှင်တော်သုံးဦး ။ ။ “ ကြော်ငြာပေးတာ တစ်ရက်အလိုမှာ ခင်ဗျ … ”

ပြောင်ရှည် ။ ။ “ ဖျောင်း .. ဖျောင်း .. ဖျောင်း .. (သုံးယောက်ဆိုတော့ သုံးချက်ပေါ့.. ခံကြ သုံးယောက်လုံး)၊ မှားတယ်၊ ဒီထက် တောင် နောက်ကျသေး၊ ခက်တယ်နော် .. ရေငုပ်ချင်လို့လား ..၊ ဒါမျိုးကျ ညီလိုက်တာ ..၊ ဘယ့်နှယ် .. မိုးလေ၀သနဲ့ ဇလဗေဒဦးစီး ဌာနဆိုတာ နိုင်ငံတော်က စည်းစနစ်တကျ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းကွ .. စေ့စပ်ပြီးသား၊ ဒါကြောင့်မို့ တိကျသေချာ တစ်ရာရာခိုင်နှုန်း.. ဖြစ်ရမယ်၊ ဟုတ်ပြီနော် .. စပြီ .. ဇလဗေဒက ထုတ်ပြန်တာ … ”

လူရွှင်တော်သုံးဦး ။ ။ “ တိကျသေချာ တစ်ရာရာခိုင်နှုန်း.. ၊ တိကျသေချာ တစ်ရာရာခိုင်နှုန်း.. ”

ပြောင်ရှည် ။ ။ “ နာဂစ်မွှေလို့ တစ်သိန်းကျော်သေ .. ”

လူရွှင်တော်သုံးဦး ။ ။ “ တိကျသေချာ တစ်ရာရာခိုင်နှုန်း.. ၊ တိကျသေချာ တစ်ရာရာခိုင်နှုန်း.. ”

ပြောင်ရှည် ။ ။ “ဖောင်း .. ဗေါင်း .. ဗျောင်း .. (သုံးယောက်ဆိုတော့ သုံးချက်ပေါ့..) .. ၊ တိကျဦး .. တိကျဦး .. အဲဒါမှားတယ်၊ ပြည်ပက ကောင်တွေ လျှောက်အော်နေတာကွ၊ လိုက်ဆို .. ဒို့ပြည်သူတွေ အယုံအကြည်မရှိဘူး .. ကဲ .. ပြန်စမယ် .. နာဂစ်မွှေလို့ တစ်သိန်းကျော်သေ .. ”

လူရွှင်တော်သုံးဦး ။ ။ “ဒို့ပြည်သူတွေ အယုံအကြည်မရှိဘူး .. ၊ ဒို့ပြည်သူတွေ အယုံအကြည်မရှိဘူး .. ”

ပြောင်ရှည် ။ ။ “ ဒါပေါ့၊ ဆက်ကြမယ်ဟေ့ ..၊ ၀န်ကြီးချုပ်ကမှာတမ်းချွေ .. ”

လူရွှင်တော်သုံးဦး ။ ။ “ဒို့ပြည်သူတွေ အယုံအကြည်မရှိဘူး .. ၊ ဒို့ပြည်သူတွေ အယုံအကြည်မရှိဘူး .. ”

ပြောင်ရှည် ။ ။ “ ငါထိပ်ဆုံးကပဲ .. သြော် .. တာလပေါဟင်းတိုင်း မချိုဘူးနော် .. ကြည့်လုပ်ကြ..၊ ဒီလိုကွ .. ၀န်ကြီးချုပ်က မှာတမ်းချွေ .. ခွဲတမ်းအပြည့်ပါ ဗိုက်ကိုခွေးနမ်း .. လုပ် .. လုပ် .. ၀န်ကြီးချုပ်ကမှာတမ်းချွေ .. ”

လူရွှင်တော်သုံးဦး ။ ။ “ခွဲတမ်းအပြည့်ပါ ဗိုက်ကိုခွေးနမ်း .. ခွဲတမ်းအပြည့်ပါ ဗိုက်ကိုခွေးနမ်း .. ”

ပြောင်ရှည် ။ ။ “ ဟုတ်ဟုတ် မဟုတ်ဟုတ် .. ကိုတရုတ် .. အဲလေ .. ယောင်လို့ .. ဒီမှာ ၀န်ကြီးချုပ်က သေချာမှာသွားတယ်ကွ၊ ဒုက္ခသည်များ အားလုံးအဆင်ပြေစေရမယ်။ ဒါပဲ။ အခြေအနေက မပြေလို့ကိုမဖြစ်ဘူး၊ ပြေမှကိုဖြစ်မှာ..။ ဆက်မယ် ..တပ်ချုပ်ကြီးလဲ ရောက်လို့လာ .. ”

လူရွှင်တော်သုံးဦး ။ ။ “ ခွဲတမ်းအပြည့်ပါ ဗိုက်ကိုခွေးနမ်း .. ခွဲတမ်းအပြည့်ပါ ဗိုက်ကိုခွေးနမ်း .. ”

ပြောင်ရှည် ။ ။ “ အေးပေါ့၊ သူ့ကျတော့ ခွေးထီးကောခွေးမကော ခွေးဝဲစားကော ခွေးပုစုလေးကော နမ်းကြတာပဲ။ သူကပိုစွမ်းတာကိုး ..၊ ရှုပ်သထက် ရှုပ်လာပြီလို့ကော နဲနဲလေးမှမထင်ကြတော့ဘူးလားဟ ..၊ တပ်ချုပ် ကြီးကိုယ်တိုင်လာအားပေးတော့ ဒို့ပြည်သူတွေက ၀မ်း သာကြည်နူးရတာပေါ့။ စဉ်းစားကြစမ်းပါ။ ပြည်သူတွေဟာ ပြုံးပျော်ကြည်နူး .. ဖြစ်ရမှာပေါ့ .. လုပ် .. လုပ် တပ်ချုပ်ကြီးလဲ ရောက် လို့လာ .. ”

လူရွှင်တော်သုံးဦး ။ ။ “ .. ပြည်သူတွေဟာ ပြုံးပျော်ကြည်နူး .. .. ပြည်သူတွေဟာ ပြုံးပျော်ကြည်နူး .. ”

ပြောင်ရှည် ။ ။ “ ဒီလိုလာရမယ်လေ .. ကဲ .. ဟိုမှာကြည့်စမ်း အလောင်းကောင်တွေ .. ”

လူရွှင်တော်သုံးဦး ။ ။ “ .. ပြည်သူတွေဟာ ပြုံးပျော်ကြည်နူး .. .. ပြည်သူတွေဟာ ပြုံးပျော်ကြည်နူး .. ”

ပြောင်ရှည် ။ ။ “ နင်တို့အမျိုးတွေမပါလို့လား .. ကဲ ဟာ .. (ဗုန်း .. ဒုန်း .. အုန်း .. ) ကျွဲလိုထူ နွားလိုထိုင်းတဲ့ဟာတွေဘဲ။ အလောင်း တွေ့မှတော့ ပြုံးနိုင်မလားဟ၊ ရေထဲပြန်မျှော .. အဲလေ .. မီးရှို့ပစ်ရမှာပေါ့ .. လုပ်နေကျပဲဟာကို .. .. ဓါတ်ဆီလောင်းကာ မီးရှို့ပါကွဲ့ .. လို့ ပြန်ဆိုမယ် .. ။ ဟိုမှာ ကြည့်စမ်း အလောင်းကောင်တွေ .. ”

လူရွှင်တော်သုံးဦး ။ ။ “ဓါတ်ဆီလောင်းကာ မီးရှို့ပါကွဲ့ .. ဓါတ်ဆီလောင်းကာ မီးရှို့ပါကွဲ့ .. ”

ပြောင်ရှည် ။ ။ “ ကြံ့ခိုင်တို့လဲ ပါလို့လာ .. ”

လူရွှင်တော်သုံးဦး ။ ။ “ ဓါတ်ဆီလောင်းကာ မီးရှို့ပါကွဲ့ .. ဓါတ် ဆီလောင်းကာ မီးရှို့ပါကွဲ့ .. ”

ပြောင်ရှည် ။ ။ “ လုပ်သင့်တာ ဆယ်နှစ်လောက်ရှိနေပြီ။ သြော် .. ဒုက္ခပါပဲ.. ကြံ့ခိုင်ဖွံ့ဖြိုးရေးတွေက စေတနာဝန်ထမ်းတွေလေ.. ဒီလို အခြေအနေမှာ သူတို့လဲ ဘယ်နေသာမလဲ၊ အလုပ်ရှုပ်ပြီပေါ့ဟ .. ဒီလိုအချိန်အခါ လက်မနှေးပါဘူး .. ဖြစ်ရမှာပေါ့..၊ တိုက်နေရတာနဲ့ မိုးလင်းတော့မယ်။ ပြန်စ.. ကြံ့ခိုင်တို့လဲ ပါလို့လာ .. ”

လူရွှင်တော်သုံးဦး ။ ။ “.. ဒီလိုအချိန်အခါ လက်မနှေးပါဘူး .. .. ဒီလိုအချိန်အခါ လက်မနှေးပါဘူး .. ”

ပြောင်ရှည် ။ ။ “ လှူဒါန်းပစ္စည်း ပျောက်ရှတာ … ”

လူရွှင်တော်သုံးဦး ။ ။ “.. ဒီလိုအချိန်အခါ လက်မနှေးပါဘူး .. .. ဒီလိုအချိန်အခါ လက်မနှေးပါဘူး .. ”

ပြောင်ရှည် ။ ။ “ ဒါတောင် စွမ်းအားရှင်တို့ မီးသတ်တို့ မပါသေးဘူးနော် .. ဒုက္ခအကြီးအကျယ်တွေ့ပြီဘဲကွာ ..၊ ပျောက်တယ်ဆိုတာ မွန်းအောင်သီချင်းလိုပဲဟ.. မနာလိုသူသွေးထိုးစကားတွေထဲ .. ဟဲ ဟယ် ..၊ ရေစုန်မှာ မျောရင်း နားယောင်ဆဲ .. ငါနော် .. ။ ”

လူရွှင်တော်သုံးဦး တော်တော်ညစ်နေပြီဗျ.. စိတ်

နေနတ်နွယ် ။ ။ “ သူတိုင်ပေးတဲ့ အတိုင်းလဲ လိုက်ဆိုရသေးတယ် .. ”

မောင်ဒိုင်း ။ ။ “ အေးလေ .. ”

လျှာရှည် ။ ။ “ တော်ပြီကွာ .. သွားတော့မယ် .. ”

ပြောင်ရှည် ။ ။ “ ဟေ့ .. ဟေ့ နေကြပါဦးကွာ .. မင်းတို့ကလဲ ဒီမှာကွာ .. ခိုးတယ်ဖွက်တယ်ဆိုတာ ပြည်ပကစွပ်စွဲတာတွေကွ၊ ခုတော့ ဒီအတိုင်းပဲ လိုက်ဆိုကြပါဦး .. မိုးလုံးပြည့်လျှံ မုသာဝါဒ .. လို့ .. ၊ ဟုတ်ပြီနော် .. ၊ လှူဒါန်းပစ္စည်းပျောက်ရှတာ .. ”

လူရွှင်တော်သုံးဦး ။ ။ “ .. မိုးလုံးပြည့်လျှံ မုသာဝါဒ ..၊ .. မိုးလုံးပြည့်လျှံ မုသာဝါဒ .. ”

ပြောင်ရှည် ။ ။ “ ဂွတ် .. ၊ ပြန်ကြားရေးဝန် ရှင်းလင်းနေ .. ”

လူရွှင်တော်သုံးဦး ။ ။ “ .. မိုးလုံးပြည့်လျှံ မုသာဝါဒ ..၊ .. မိုးလုံးပြည့်လျှံ မုသာဝါဒ .. ”

ပြောင်ရှည် ။ ။ “ ဟာ .. ဟာ .. ဟေ့ကောင်တွေ .. ရှူး .. တိုးတိုး လုပ်ပါဟ၊ သူရှင်းတာက ဘာတွေ ဘယ်လိုသေကြေပျက်စီးတယ် ဆိုတဲ့ အကြောင်း.. ကျွဲနွားတိရိစ္ဆာန်သန်းချီသေသတဲ့ .. ၊ ဟုတ်ပြီလား .. ကဲ .. ပြန်ကြားရေးဝန်ရှင်းလင်းနေ .. ”

လူရွှင်တော်သုံးဦး ။ ။ “ကျွဲနွားတိရိစ္ဆာန်သန်းချီသေသတဲ့ ..၊ ကျွဲနွားတိရိစ္ဆာန်သန်းချီသေသတဲ့ .. ”

ပြောင်ရှည် ။ ။ “ ကြည်းတပ်ပျက်စီး ရေတပ်မကျန် .. ”

လူရွှင်တော်သုံးဦး ။ ။ “ကျွဲနွားတိရိစ္ဆာန်သန်းချီသေသတဲ့ ..၊ ကျွဲနွားတိရိစ္ဆာန်သန်းချီသေသတဲ့ .. ”

ပြောင်ရှည် ။ ။ “ မင်းတို့ပြောတဲ့ အကောင်တွေက ဒီမှာမရှိကြတော့ဘူးဟဲ့ .. လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကတည်းက ကြပ်ပြေးပြောင်းပြီ။ ၊ ခုသေတာက တပ်မတော်သားတွေ၊ သုံးရာကျော်ထဲပါကွာ ..၊ သန်းမချီပါဘူး၊ ပြည်သူတွေသေရသလို တပ်မတော်သားတွေလဲ သေရတာပဲ။ ဒါကိုဆိုလိုတာ .. ၊ ဒါကြောင့် ပြည်သူတွေနဲ့ တစ်သားတည်းပါပဲ .. ကဲ .. ကြည်းတပ်ပျက်စီး ရေတပ်မကျန် .. ”

လူရွှင်တော်သုံးဦး ။ ။ “ ပြည်သူတွေနဲ့ တစ်သားတည်းပါပဲ .. ပြည်သူတွေနဲ့ တစ်သားတည်းပါပဲ .. ”

ပြောင်ရှည် ။ ။ “ ပြည်ပတပ်အချို့ရောက်ရှိနေ .. ”

လူရွှင်တော်သုံးဦး ။ ။ “ ပြည်သူတွေနဲ့ တစ်သားတည်းပါပဲ .. ပြည်သူတွေနဲ့ တစ်သားတည်းပါပဲ .. ”

ပြောင်ရှည် ။ ။ “ ဒါတော့မှန်လောက်တယ်၊ သြော် .. ဖြေးဖြေးလုပ်ပါဟ။ ဟိုကဒူးတုန်နေပြီ။ အခွင့်အရေးအတွက်ပါ စောင့်နေကြခြင်း ..လို့ ပြန်အော်မယ်ဟေ့ ..၊ ပြည်ပတပ်အချို့ရောက်ရှိနေ .. ”

လူရွှင်တော်သုံးဦး ။ ။ “အခွင့်အရေးအတွက်ပါ စောင့်နေကြခြင်း ..၊ အခွင့်အရေးအတွက်ပါ စောင့်နေကြခြင်း ..၊ ”

ပြောင်ရှည် ။ ။ “ တေဇတို့အဖွဲ့အသင့်ရှိပြီ .. ”

လူရွှင်တော်သုံးဦး ။ ။ “အခွင့်အရေးအတွက်ပါ စောင့်နေကြခြင်း ..၊ အခွင့်အရေးအတွက်ပါ စောင့်နေကြခြင်း ..၊ ”

ပြောင်ရှည် ။ ။ “ ရမ်းရမ်းချန်ပေါ့ .. ဟာကွာ .. သေတော့မှာပဲ ..၊ မြို့ရွာပျက်စီးမှုတွေ ပြန်လည် တည်ဆောက်ဖို့ပါကွ၊ ပြန်လည် တည် ဆောက် မြို့ရွာဖွံ့ဖြိုး .. ။ ပြန်စမယ် .. တေဇတို့အဖွဲ့အသင့်ရှိပြီ .. ”

လူရွှင်တော်သုံးဦး ။ ။ “ ပြန်လည်တည်ဆောက် မြို့ရွာဖွံ့ဖြိုး .. ၊ ပြန်လည်တည်ဆောက် မြို့ရွာဖွံ့ဖြိုး .. ”

ပြောင်ရှည် ။ ။ “ နောင်ခါဆိုင်ကလုန်း ထပ်လာရင် .. ”

လူရွှင်တော်သုံးဦး ။ ။ “ ပြန်လည်တည်ဆောက် မြို့ရွာဖွံ့ဖြိုး .. ၊ ပြန်လည်တည်ဆောက် မြို့ရွာဖွံ့ဖြိုး .. ”

ပြောင်ရှည် ။ ။ “ ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက် ကြီးပွား ဖူလုံကြဦးမှာပေါ့ .. အောင်မယ်လေးဗျာ .. တွေးတာတောင် ကျောချမ်းတယ်၊ ဒီလိုလေကွာ၊ ခုတို့ပြည်သူတွေ ခံလိုက်ရတယ်၊ ဒါပေမယ့် နောင်ဒီလိုအဖြစ်မျိုးတွေ ကြုံလာရရင် မမှုတော့ဘူးပေါ့ကွာ။ အတွေ့အကြုံ ရှိပြီးသားပေါ့ .. ဟုတ်ဘူးလား..၊ ဒို့ပြည်သူတွေ ရိုးနေပြီဟေ့ ..၊ ဒီလိုထောက်ရမယ်နော် ..၊ စမယ် .. နောင်ခါဆိုင်ကလုန်း ထပ်လာရင် .. ”

လူရွှင်တော်သုံးဦး ။ ။ “ဒို့ပြည်သူတွေ ရိုးနေပြီဟေ့ .. ၊ ဒို့ပြည်သူတွေ ရိုးနေပြီဟေ့ .. ”

ပြောင်ရှည် ။ ။ “ ဒါပေါ့ကွ..၊ ဒို့ပြည်သူပြည်သားတွေဟာ အရာရာမှာ ထုသားပေသားကျပြီးသား၊ ခံနိုင်ရည်ရှိပြီးသား၊ နာဂစ်လောက် တော့ အေးဆေး ဟုတ်လား၊ ဒါစိတ်ဓါတ်ရေးရာအရ မြှင့်တင်ပေးခြင်းတစ်မျိုးပဲ။ ဟော .. ခုကြည့်စမ်း ..၊ အခြေအနေတွေ တည်ငြိမ်နေပြီ။ ရှေ့ဆက် လုပ်စရာရှိတာ လုပ်ကြရုံပဲ၊ ကဲ .. နောက်ဆုံး တစ်ပိုဒ်ဟေ့ .. ရာနှုန်း ၉၀ ဆန္ဒအမှန် .. ”

လူရွှင်တော်သုံးဦး ။ ။ “ နအဖတွေ သေသင့်ပါကြောင်း .. ”

ပြောင်ရှည် ။ ။ “ ဟင် .. ဟာ .. အို .. ဟေ့ကောင်တွေ .. အခြေခံဥပဒေ အတည်ပြုပွဲကြီး .. လေကွာ .. ”

လူရွှင်တော်သုံးဦးကားမရတော့ ..

“ ရာနှုန်း ၉၀ ဆန္ဒအမှန် .. နအဖတွေ သေသင့်ပါကြောင်း .. ၊
ရာနှုန်း ၉၀ ဆန္ဒအမှန် .. နအဖတို့ သေကြောင်းကြံကြ၊
ရာနှုန်း ၉၀ ဆန္ဒအမှန် နအဖတွေ ငရဲလားပါကြောင်း ..၊
ရာနှုန်း ၉၀ ဆန္ဒအမှန် .. နအဖတွေ မြေမြိုစေကြောင်း .. … … ”

ဟုအော်ကာ တိုင်းရင်သားအကပေါင်းစုံကရင်း၊ ၀ိုင်းကြီးပတ်ပတ် ဒူဝေေ၀လုပ်လျက် စင်နောက်သို့ ၀င်သွားကြလေတော့သည်။
ဤတွင် သံချပ်အလုံးလဲ ဟက်တက်ကွဲပါတော့၏။

ပြောင်ရှည် ။ ။ “ အောင်မယ်လေး တော်တော် အ' တဲ့အကောင်တွေပါလား၊ ဒါမျိုးကျတော့ အသေဖဲ့သဟ ..၊ တော်ပြီ .. တော်ပြီ..၊ ငါလဲ လူပြက်ဘ၀ကနေ ထွက်မှ .. ဗျာ .. ”

အဲဒီမှာပဲ ဘယ်ကတည်းက စောင့်နေမှန်းမသိတဲ့ မင်းသမီး သန်တာရှည်လဲ ထွက်လာပါရောခင်ဗျ။

သန်တာရှည် ။ ။ “ ကိုပြောင်ရေ .. ဒီတစ်ခါတော့ မီးအလှည့်သေချာပါပြီနော် .. ”

ပြောင်ရှည် ။ ။ “ ဟင် .. ရမ်းရမ်းချန် .. မင်းသမီး.. ဟိုကောင်တွေလဲ မရှိတော့ဘူး၊ အဲဒီတော့ မင်းသမီးလဲ လုပ်ချင်ရာလုပ်တော့ .. ကျုပ်လဲ သွားပြီဗျာ .. ”

သန်တာရှည် ။ ။ “ အင်း .. သွား .. သွား .. မီးကတော့ အလှည့်ကျမနွဲ့စတမ်း .. မီး.. ခု.. အရမ်းဖီးလ် ဖြစ်တဲ့ သီချင်းလေးတစ်ပုဒ်နဲ့ ဖျော်ဖြေချင်ပါတယ်ချန် ..၊ ဒီသီချင်းလေးကတော့ မေဆွိသီဆိုထားတဲ့ “ ကိုကြီး .. ကိုကြီး .. ” လို့ အမည်ရတဲ့သီချင်းလေး ဖြစ်ပါတယ် ချန်။ မီးအတွက် အဲဒီသီချင်းလေးကို ရွာစားစိန်ပတ်ရှည်က အထူးစပါယ်ရှယ် ပြန်လည်ဆန်းသစ် ရေးစပ်သီကုံးပေးထားခြင်း ဖြစ်ပါတယ်ချန်။ .. မီးရဲ့ အက အလှလေးများကို ရှုစားအားပေးတော်မူကြပါဦးချန် .. ”

ဒီတစ်ပွဲတော့ IC မငှားတော့ဘူးခင်ဗျ .. Metal Zone က မောင်မောင်ဇော်လတ်တို့ ပြတဲ့အကွက်ပေါ့လေ .. Intro ခပ်မြူးမြူးလေး ဆုံးတာနဲ့ ရမ်းရမ်းချန်ခေါ် သန်တာရှည်က ခုလို သီဆိုပါတော့တယ် … ။

အိုး … နာဂစ် နာဂစ် … အိုး နာဂစ် နာဂစ် …

နာဂစ် နာဂစ် .. အသဲထဲ အဆုတ်ထဲ ခင်တွယ်တယ် .. နာဂစ်နာဂစ် ..၊
နှလုံးသားထဲကကြင်နာတယ် .. နာဂစ်နာဂစ် ..

ဆိုင်ကလုန်း လေးကို ချစ်မဆုံးဘူးကွယ်၊

အို နောက်တစ်ခေါက်ရယ် လာပါဦး …

တစ် … နှစ် … လမ်းအသစ်ဖေါက်မယ် ..
သုံး … လေး … ဈေးအသစ်ဆောက်မယ် ..
ပရော့ဂျက်အကုန်လုံး .. ကိုတေယူမဆုံး ..

အိုး … နာဂစ် နာဂစ် … အိုး နာဂစ် နာဂစ် …
နာဂစ် နာဂစ် .. အသဲထဲ အဆုတ်ထဲ ခင်တွယ်တယ် .. နာဂစ်နာဂစ် ..၊
နှလုံးသားထဲကကြင်နာတယ် .. နာဂစ်နာဂစ် ..

ဆိုင်ကလုန်း လေးကို ချစ်မဆုံးဘူးကွယ်၊

အို နောက်တစ်ခေါက်ရယ် လာပါဦး …

ကဲ .. အပိုဒ်တွေ ကျော့ချင်သလောက်သာ ကျော့ကြတော့ဗျာ .. ဒီဆိုဟန်ဆိုပေါက်ကို ဧရာဝတီတိုင်းသား ဘကြီးတို့ ကြားများကြားမိရင် .. အသဲကွဲ နှလုံး နာပြီးရင်းနာ.. နာပြီးရင်းနာ.. နာပြီးရင်းနာ … ဂစ် ဂစ် ဂစ် ဂစ် နဲ့ နာဂစ်ပြီး တက်သေသွားနိုင်လောက်တယ်ဗျို့ … ။

ဤတွင်ပြဇာတ် တစ်ခန်းရပ်စေ။

ပြောင်လျှာရှည်ရေးသားတင်ဆက်သည်။

Read More...

Thursday, May 29, 2008

အိမ်

ကဗျာမဟုတ်ပါဘူး။ မေးလ်ကရတဲ့ သီချင်းလေးပါ။ ဘယ်သူရေးတယ်၊ ဆိုတယ်၊ ဘယ်အချိန်ကတည်းကထွက်တယ်၊ ကျွန်တော်မသိပါဘူး။ နားထောင်ပြီး ထိချက်မှန်လို့ မျှဝေလိုတာ သက်သက်ပါ။ သီချင်းရယူနိုင်ဖို့အတွက် Link နဲ့ စာသားအပြည့်အစုံကို အောက်မှာ ရေးထည့် လိုက်ပါတယ်။

သီချင်းယူဖို့ >> ဒီနေရာကို နှိပ်တော်မူပါ။

အိမ်

ကမ္ဘာမြေမှာ ခိုလှုံရာခေါ်ဆိုတဲ့အိမ်၊
ရံရွေလယ်၊ ထယ်ဝါစွာ ဆင်စွယ်နန်းအိမ်၊
ကျူထရံတွေ ကာရံကာ ဓနိမိုးအိမ်၊
နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်းအိမ်။

အိမ်တစ်အိမ်မှာ မှီတည်ရာ ဘာသာတရားတွေ၊
ကမ္ဘာမြေကို ဖြူစင်စွာ အကြင်နာမျှဝေ၊
ပိုင်ဆိုင်ရာ တွယ်တာရာ ဒီရင်သွေးတွေ၊
ဆည်းလည်းသံ လှိုက်ခတ်စေ ဒီချစ်ခြင်းတွေ။

(ကလေးလေးတွေ နွေးထွေးဖို့လေ.. ကမ္ဘာမြေမှာ အိမ်တစ်အိမ်ကိုဆောက်ကြမယ်လေ ..)
(မြင့်မြတ်ခြင်းတွေ၊ နွေးထွေးခြင်းတွေ ... ကမ္ဘာမြေမှာ ညင်သာစွာစီးဆင်းဖို့လေ ..)

အိမ်အပြင်မှာ ၀ါပင်တွေ ကိုယ်တိုင်စိုက်မယ်၊
ကိုယ်တိုင်ငင် ၀ါချည်မျှင် ဖျင်တစ်ဘက်ရယ် ..။

အိမ်အပြင်မှာ ကိုယ်တိုင်ထွန် ကိုယ်တိုင်စိုက်တဲ့
စပါးရိတ်ချိန် ၀ိုင်းဖွဲ့မယ် ဆန်အရက်ရယ် ..။

ဒီအချိန်ဆို အိမ်အပြင်မှာ ကဗျာတွေရွတ်မယ်၊
လာပါကွယ် အိမ်အပြင်မှာ ဂစ်တာတီးမယ်၊
ရင်ခွင်မှာ ကြင်နာသူ ချိုအနမ်းရယ် ..၊
ချစ်မိတ်ဆွေ စည်းချက်ညီ အတူတူကမယ် ..။

(ကလေးလေးတွေ နွေးထွေးဖို့လေ၊ ကမ္ဘာမြေမှာ အိမ်တစ်အိမ်ကို ဆောက်ကြမယ်လေ ..)
(မြင့်မြတ်ခြင်းတွေ၊ နွေးထွေးခြင်းတွေ ..... ၊ ကမ္ဘာမြေမှာ ညင်သာစွာ စီးဆင်းဖို့လေ .. )

ရင်ခွင်မှာရှင်သန်ရာ ခိုမှီရာ အိမ်တစ်အိမ်ကို ကမ္ဘာမြေမှာ တည်ဆောက်ကြမယ်၊
အဆောင်အယောင်တွေ မဆင်ရင်စေ ရင်ခွင်အိမ်ပျော်ရွှင်ပါစေ
ဒဏ္ဍာရီရာဇ၀င်လို ၀ိညာဉ်အိမ် စိန်စီရာ ရတနာခြယ် သိင်္ဂါရီအိမ် ...။

တစ္ဆေတစ်ကောင် ဟန်ဆောင်သလို မာယာကင်းမဲ့ .....
မနာလိုတဲ့ မစ္ဆရိယ ချည်နှောင်မှုမဲ့ .....
ကံစီရင် ယုံကြည်စွာ ကမ္ဘာမြေမှာ ...

တို့အိမ် .. ငါတို့အိမ်
ရဲရင့်လိုက် ချစ်တဲ့အိမ် တို့ဆောက်ကြမယ် .....။


(ကလေးလေးတွေ နွေးထွေးဖို့လေ .. ကမ္ဘာမြေမှာ အိမ်တစ်အိမ်ကိုဆောက်ကြမယ်လေ ..... )

(မြင့်မြတ်ခြင်းတွေ၊ နွေးထွေးခြင်းတွေ ... ၊ ကမ္ဘာမြေမှာ ညင်သာစွာစီးဆင်းဖို့လေ ...)

(ကလေးလေးတွေ နွေးထွေးဖို့လေ .. ကမ္ဘာမြေမှာ အိမ်တစ်အိမ်ကိုဆောက်ကြမယ်လေ ..... )

(မြင့်မြတ်ခြင်းတွေ၊ နွေးထွေးခြင်းတွေ ... ၊ ကမ္ဘာမြေမှာ ညင်သာစွာစီးဆင်းဖို့လေ ...)

Read More...

Tuesday, May 20, 2008

ဗြိတိသျှစတော်ဗယ်ရီယိုအိပ်မက်

(၁)

ရေမြင်းရှင် (ဟုတ်ဖူး..မှားလို့) ရေမြေ့ရှင် သခင်ထိပ်ခေါင် နိုင်ငံကျော် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကား မရောက်တာကြာပြီဖြစ်သော မုန်တိုင်း ဒဏ်ခံ ရန်ကုန်မြို့သို့ ရောက်လာခဲ့၏။ သူမသွား၍မဖြစ်တော့။ မနေ့တစ်နေ့ကပင် နောင်တော် ဟူဂျင်တောင် Hu Jintao က သူ့အား ဖုန်း အပူလိုင်းမှ ကမန်းကတန်း မှာသည်။

“ ညီလေးတန်းချွေ .. ၊ လုနီနိုင်လှရှေလားကွယ်။ အပါးကတီမီနပ်ဘူးဘဲ..၊ ၀ကို လူတွေကပြောကုန်ကြဘီ။ တီကမ္ဘာလုံး ၀ကိုပဲ ပြောကုန်ပြီ။ လုလို့ တိုင်းပြည်မှာ နာဂစ်ဝင်လို့ မီကြာသေး၊ ၀လို့လဲ မြေမျိုဘီ။ လုလို့ဂျောင့် ၀တို့လဲ ပြာကုန်ကြဘီ။ ၀.. ကတော့ ကိုယ့်လူမျိုးကိုယ် အားပေးစေချင်လယ်။ ၀ .. လုကိုအီကြံပေးမယ် တန်းချွေ။ လု .. ရန်ကုန်ဖြစ်ဖြစ် အီမြန်ဆုံးတွားဘာ။ ဒီတစ်ခါ ၀ .. အီကြံပေးသလို လုမီ လုပ်ရင် အီခြေအီနေ တယ်မီကောင်းဝူး ဖြစ်မှာဘဲ … ”

သူလားလားမှ မသွားချင်။ သို့သော် မနေသာတော့။ အမှန်က ကမ္ဘာမကလို့ စင်္ကြာဝဠာတိုက်တစ်သောင်းမှ ၀ိုင်းပြောစေဦး။ ရွှေစိတ်တော်ထဲ နဲနဲမျှမထား။ ယခုကားနောင်တော် Hu Jintao ထံမှအမှာစကား။ သူတလျှောက်လုံး အားကိုးတကြီးမှီခိုပေါင်းသင်းခဲ့ရသည့် မိတ်ဆွေကြီး၏ သတိပေးချက်။ သူချီတုံချတုံနှင့် ဘာလုပ်ရမှန်းမသိဖြစ်နေခဲ့သည်ကပင် ရက်သတ္တပတ်တစ်ပတ်ရှိပြီ။ သူ့စိတ်ကား ခိုးလိုးခုလု ရှိနေတော့၏။ သွားရမည်လား၊ မသွားရမည်လား။ အကြောင်းကား တလောတုန်းက နာဂစ်မုန်တိုင်း မလာခင်လေးမှာ သူအင်မတန်မှ အား ထားယုံကြည်ရသည့် ဘိုးတော် ကြပ်ထိပ်ပြောင်ကလည်း သတိပေးထားခဲ့သည်ကို မှတ်မှတ်ရရရှိနေခြင်းပင်။

“ ဒီမှာ ဗိုလ်ချုပ်မှူးကြီး .. ဒီတစ်နှစ်လုံးဟာ ဗိုလ်ချုပ်မှူးကြီးအတွက် အင်မတန်မှ အရေးကြီးတယ်နော်၊ အမြဲစားသတိ၊ သွားသတိ၊ ပြော သတိ၊ အီးပါတောင် သတိကောင်းကောင်း ထားရလိမ့်မယ်။ မြင်ထားတာတွေရှိတယ်။ ဗိုလ်ချုပ်မှူးကြီးတို့ အရင်ကိုးကွယ်တဲ့ အောင်ထွဋ် ခေါင်တို့လို ကျုပ်ကပေါက် ပန်းလေးဆယ် ဆိုတာ၊ ပြောတာမဟုတ်ဘူး။ သာမ၊ ယဇု၊ ဣရု ဆိုတဲ့ သုံးပုံကျမ်းအပြင်မှာ အာတပ္ပနဗေဒင် ကျမ်းကြီးနဲ့ သေချာညှိပြီး တွက်ပြီးမှ ပြောတာ။ အထက်၊ အလယ်၊ အောက်ဆရာတွေဆီက ပေးတာတွေရော ကျုပ်အာရုံရတာတွေရောပဲ။ ကျုပ်သတိပေးခဲ့တာတွေဟာ ဘယ်တော့မှ မမှားဘူးနော် .. ”

သူသေသေချာချာကို အမှတ်ရနေသေးသည်။ နိုင်ငံအုပ်ချုပ်ရာမှာ ပုရောဟိတ်အခါပေးများ၏ အခန်းကဏ္ဍမှာ အလွန်အရေးကြီးသည်မ ဟုတ်လား..။ သူမပြောနဲ့၊ သူ့အဖေကြီး ဗိုလ်ချုပ်နေ၀င်းလဲ သေခါမှရေမြော၊ မသေခင်တော့ ဤလိုပင် အနှစ်သုံးဆယ်ခန့် နေနိုင်ခဲ့ပါ၏။ ဘိုးတော်က ဤနေ့ဤအချိန် နန်းတော်ပြောင်းစေ၊ မပြောင်းလျှင်ဘေးတွေ့အံ့၊ ပြောင်းသော် နန်းသက်ရှည်လတ္တံ့မိန့်သဖြင့် ကမန်းကတန်း ဖုတ်ဖက်ခါထ၍ ပြောင်းခဲ့ရ၏။ ထိုတုန်းကလည်း ၀ိုင်းပြောတာခံခဲ့ရသေးသည်။ သို့သော် ဘိုးတော်က စိုးရိမ်စရာမလို၊ သူ့ဘာသာသူ ပြီးဆုံးသွားပါလိမ့်မည်ဟု အာမဘန္တေခံခဲ့သည်။ ပြီးဆုံးသည်ဆိုသည့်စကားကတော့ ဘာမှန်းမသိ။ သေချာနားမလည်။ ပြီးတော့သူကိုယ် တိုင်လည်းတော်တော်သဘောမတွေ့။ ဘာပဲဖြစ်ဖြစ် သူကိုးကွယ်ဆည်းကပ်ခဲ့သည့် တစ်ချိန်လုံး အမှားအယွင်းနဲပါးခဲ့သည် ဆိုရမည်သာ။

ဘိုးတော် ကြပ်ထိပ်ပြောင်ကား အင်မတန်မှ စေ့စပ်သေချာ၍ အမြော်အမြင်ရှိသူတည်း။ သူညွှန်ပြသည့်အတိုင်း လိုက်နာခဲ့၍ ယခု သူတစ် ခါမှ မကြားဖူး၊ နားလဲ မလည်၊ မလေးရှားက၀န်ကြီး နာဂျစ်လားဟု မေးယူရသည့် နာဂစ် ဆိုသည့် ဘေးကြီးတစ်ခုမှ လွတ်ခဲ့လေပြီ။ ခံရ မည့်သူများကား ခံပေတော့။ သူ့လောက်မှ ဘုန်းကံမရှိပဲကိုး။ သူ့လို ဘိုးတော် အမှန်အကန်တွေကို မကိုးကွယ်ကြတာကိုး။ တလောတုန်းက ထိုင်းဝန်ကြီးချုပ် ကြပ်ပြေးက သူ့နန်းတော်အလည်လာတော့ ဘုရားခန်း ဘယ်နားမှာ မေ့နေ၍ သူ့ ကိုယ်ရံတော်အား မေးရသေးသည်။ တရားထိုင်နည်းလေးတွေ ထိုင်းကြီးက သိချင်သည်ဆို၍လည်း သူပြလိုက်ရသေးသည်။ ဓါတ်ပုံလည်း အမှတ်တရ ရိုက်ခဲ့ကြသေးသည်။ မဆိုးလှ။ ထိုင်းကောင်ပြန်သွားတော့ သူ့သတင်းကား ချက်ချင်းမွှေးပျံ့ သွားသည်။ အဲဒီထိုင်းကောင်ရှေ့ တစ်ရက်ခန့် ညစာမစားပဲ နေခဲ့တာ ကာမိသည်ဟု ဆိုရမည်။

ယခုရက်ပိုင်းတော့ ရွှေစိတ်တော်ကား အင်မတန်ညှိုးနွမ်းနေချေသည်။ ဘိုးတော်ကြပ်ထိပ်ပြောင် ပြောထားသည်များကလဲ မှန်လှ၏။ တောင်အရပ်ကား မိမိနှင့်မသင့်၊ မိမိအတွက် ဓါတ်နံအင်မတန်ယုတ်ညံ့သည်ဆို၏။ ရေနှင့်မတည့်ဆိုလား။ သူ့ပညာပိုင်းဆိုင်ရာ စကားများ အား မိမိလဲ သေချာတော့ နားမလည်။ မှန်နိုင်ပါသည်။ မိမိဇာတိ ကျောက်ဆည်မှာတုန်းက ပင်လယ်ဆိုတာ ဂျိုနဲ့လား မေးရမည့်အရာ။ ရေကြောက်၏။ ယခုထီးနန်း စိုးစံရမှသာ ချောင်းသာတို့ ငွေဆောင်တို့မှာ မိမိကြိုက်သည့်အချိန် ရေကစားထွက်တော် မူနိုင်သည် မဟုတ် လား။ ဘိုးတော်ပြောသလိုဆို မိမိမှာ အင်မတန်မှ အန္တရာယ်ရှိနိုင်သည်။ တစ်ဘက်ကလည်း နောင်တော် Hu Jintao ။ မသွားလျှင် လက်ငင်းအကျိုးပေးကား မလှဖြစ်ဖို့ များ၏။ ပင်လယ်မှာ ဟိုကောင်အမေလိကန်တို့ ရောက်နေသည်ဆိုပါလား။ အရေးထဲမှာ ဘန်ကီမွန်း ကလဲ ဖုန်းတဂွမ်ဂွမ်ဆက်သည်ဆို၏။ မိမိရန်ကုန်ရှိတုန်းက အရင် နိုင်ငံခြားရေးဝန်ကြီးဝင်းအောင် အင်္ဂလိပ်စာသွားသွားသင်သည့် လှည်း တန်းဈေးနားကဆရာဆီမှာ မသင်မိခဲ့သည်ကို နောင်တရချင်သလိုလို။ နို့မို့ရင် ဟိုကောင် ဥာဏ်ဝင်းထက်တော့ အပြတ်သာမည်။ ဘန်ကီ မွန်းကိုလဲ ဖုန်းထဲကနေ ဘွတ်ဘဲ့ ဒွတ်ဒဲ့ သာသာလေး လုပ်နိုင်မည်။ မိဘုရားကြီးကြိုင်သေဘီကတော့ ဒီလိုနေရာမျိုးသုံးမရ၊ နိုင်ငံခြားကို တစ်ခါခေါ်သွားမိသည်။ “ Kyaing Kyaing is my name ” လုပ်နေလို့ မနဲ ဆွဲထားရ၏။

ဆိုးဝါးလွန်းသည့် အချက်ကား အပြင်မီဒီယာက ပြောတာတွေ။ မှန်နေတော့လဲ မိမိမှာဖုံးရဖာရလွန်းသည့်အတွက် ဖာသယ်ကြီးကိုဖြစ်လို့။ ရုရှား လွှတ်ထားသည့် ကောင်လေးအချို့ကလဲ တစ်နေ့ထက်တစ်နေ့ ပိုပိုသုံးစားမရတော့။ အေးရာအေးကြောင်း နေသူကနေကြ၏။ ထား တော့။ သူတို့ကား မိမိဘာမှ မပြောလိုပြီ။ မိမိမျက်နှာ ကြည့်ပြီး.. ကြိုးစားအာချောင်နေကြသည့် ကောင်တွေကလဲ လွဲပဲလွဲနိုင်လွန်းသည်။ မိမိပိုင် ကြေးမုံတို့၊ မြန်မာ့အလင်းတို့ကနေ ကူးရေးနေတာလွဲ၊ ကိုယ်ပိုင်အကြံလေးများလဲ မထုတ်တတ်ကြ။ ရဲဘော်တို့ အသင့် .. လို့ပြော ရင် “ yahoo လား၊ Gtalk လား၊ ” လို့ပြန်မေးမဲ့ အကောင်တွေချည်း။ သူတို့စိတ်မထင် “မကျေနပ်ရင် Gtalk မှာ add လိုက်လေ၊ ငါ့မေးလ် က xxxx..။” ဟု လုပ်တတ်၏။ ဒါကြောင့်လဲ မိမိမှာအိုကြီးအိုမနဲ့ဒီနေရာက မစွန့်ခွါနိုင်သေး။ ငယ်တုန်းကလိုမသန်တော့။ ဥာဏ်နီဥာဏ်နက်ကလဲ ကုန်လုပြီ။ မျက်နှာနာစရာလေးတွေ လိုက်လိုက်ထောက်ရင်း၊ မိမိဟ၀ှာကိုပါ လာလာထောက်သည့် ထိုင်းတို့၊ စင်္ကာပူတို့၊ မလေးရှားတို့ကလဲ တမှောင့်။ ခုတော့မဖြစ်တော့။ ဘိုးတော် ဘယ်လောက်တားတား၊ လက်ငင်းက မသွား မဖြစ်တော့။

ကြိုင်သေဘီကတော့ တခါတလေ ဒါမျိုး အားကိုးရသည်။ ဘာလဲဆိုတော့ သူကဗြိတိန်မှလာသော စတော်ဘယ်ရီယိုနှင့် ပြင်သစ်ပေါင်မုန့် တို့တို့ပြီးစားရလျှင် အင်မတန်သဘောခွေ့၏၊ ကြာအင်းဆိပ်ကြီးမှာတုန်းက တော်တော်ငတ်ခဲ့တာကိုး။ ဟိုမှာက တပ်ရင်းဂိတ်ကြီးက ထွက် တာနဲ့ ရှေ့တန်းဆိုတော့ ရန်ကုန်က ကွန်ဗွိုင်နဲ့ပို့တဲ့ ပဲရည်ကြည်လေးပဲလွေးရ၏။ ခုအမြင့်စံဘ၀မှာတော့ ပဲဆိုလျှင် ဆိတ်အော်သံလားဟု ပြန်မေးတတ်လေပြီ။ သူ့အကြိုက် စတော်ဘယ်ရီယိုနှင့် ပြင်သစ်ပေါင်မုန် တို့တို့ပြီးစား။ ပြီးလျှင်တရေးတမောအိပ်ခါ၊ တသီတတန်းကြီး မက်တတ်သော သူ့အိပ်မက်များကို အတိတ်ကောက်ရင် မှန်သည်ကများ၏။ အခုလို အရေးကြီးသည့်အချိန်၊ တိုင်းရေးပြည်ရာ၊ စားပွဲအရေး ကုလားထိုင်အရာများတွင် မိကြိုင်သေဘီကိုပဲ သေချာပြန်မေးရမည်။ ပြည်ပအားကိုး စတော်ဘယ်ရီသူခိုး၊ (မှား .. ပြန်ဘီ) ဗြိတိန်စ တော်ဘယ်ရီယို အိပ်မက်လေးကို မိမိသေသေချာချာ အတိတ်နိမိတ်ကောက်ယူ ဆုံးဖြတ်တော်မူမှ နောင်ရေး စိတ်အေးရတော့မည်ဖြစ်၏။

(၂)

အတွေးများကိုရပ်ပစ်ပြီး၊ ရေမြေ့ရှင် သခင်ထိပ်ခေါင် နိုင်ငံကျော် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကြည့်ရှုပါသည်။ သူများတွေပြောနေသလိုလဲ မဆိုးပါဘူး။ ဒီသစ်ပင်ကြီးတွေ လဲတာများ တစ်ချက်ခုတ်နှစ်ချက်ပြတ် လမ်းလဲချဲ့လို့ရတယ်။ နောက်တစ်ခုက ၀ါယာလက်က တပ်ကိုခွဲစိတ်ဖြတ်တောက်ခိုင်းလိုက်၊ ပြီးရင် ခွဲသားတွေကို ဝေပေးလိုက်၊ တပ်ရင်းထင်းစာတောင်ရသေး။ ငါမြင်ရသလောက် လေဘေးဒုက္ခသည်တွေ အားလုံးအဆင်ပြေသားပဲ။ မယုံရင် ရော့ .. အင့် .. ဒီမှာ ဖတ် ..

(၃)

အပြန်ခရီးကား သူအင်မတန် ပင်ပန်းလှ၏။ တစ်ခုတော်သေးသည်က ရန်ကုန်ကသူ့ကောင်တွေ အလိုက်သိလွန်းလှသည်ပင်။ တပည့်ကြီး တွေ တော်ချက်က လက်ကုန်ပဲဟု ဆိုရမလောက်။ ရောက်ရာအရပ်မှာ အဆင်မပြေမှုဆိုတာ သိပ်မတွေ့ခဲ့ရ။ ရဟတ်ယာဉ်ပေါ်မှ ကြည့်မိ သလောက် မြင်သမျှ အားလုံးဝါ၀ါတွေ။ သူအတိတ်နိမိတ်ကောက်လိုက်သေးသည်။ ရွှေဝါရောင်နိမိတ်ပေပဲ မဟုတ်လား။ ယခင်စိမ်းစိုနေ သော ဧရာဝတီတစ်ခွင်သည် ယခုလို ၀ါဝါကြီးသန်းနေသောအခါ၊ ရွှေဝါရောင်နမိတ်လို့ မကောက်ရင် ဘယ်ဟာကိုများ ကောက်ရပါ့။ ထား ချေတော့။ ဤကိစ္စကိုပြန်မှ ဘိုးတော်လျှောက်တင်ပြီး၊ လမ်းညွှန်ချက်တောင်းခံရမည်။ သူဟောခဲ့သည့်ဒီခရီးလမ်းအတွက် သူကိုယ်တိုင် ပေးသည့် ယတျာကို ရွှေနန်းတော်ကြီးတွင် မိဘုရားကြီးကား မုချ လိုက်နာဆောင်ရွက်မည်ပင်။ သူသာပဲဘယ်လို လုပ်ရမည်သိသည်ကိုး။ တွေးရင်းပင် သတိရလာ၏။ မိမိ..ဒီခရီးမသွားမဖြစ် မသွားခင်က မိဘုရားကြီးက ရွှေစိတ်တော် အေးအေးသာထားပြီးသွားဖို့မှာလိုက်၏။ သူစိတ်တော့ ချပါသည်။ တစ်သက်လုံး ပေါင်းသင်းလာခဲ့တဲ့ တပ်ရင်းကံစမ်းမဲလေး မဟုတ်လား။ တွင်းသစ် တူးရတာထက်စာရင် တွင်း ဟောင်းက သူ့အတွက်အဆင်သင့်ဟု လက်ခံယုံကြည်လာခဲ့သည်လေ။ “ တွင်းဟောင်းရေကြည် အေးမြသည်”.. တဲ့။

သူကံကောင်းလွန်းလို့သာပေါ့။ ဘာပဲပြောပြော နေပြည်တော်သို့ရောက်တော့မည်။ ရှေ့မှာ သာဝတ္ထိကားလမ်းခွဲ၊ ကျော်ရင် အေလာ (ခေါ်) နေပြည်တော်လေဆိပ်။ သူ စိတ်တွေ ငြိမ်သက်အေးဆေးသွားတော့သည်။

(၄)

ရွှေနန်းတော်ကြီးကား အေးစိမ့်လှပေသည်။ မနာလိုသူတွေ ပြောပြောနေသလို ကြပ်ပြေးကား ပူလောင်ခြောက်သွေ့လှသည် ဆိုသည့်စ ကားကို သူတစ်ချက်တွေးမိရင်း ပြက်ရယ်ပြုမိသေး၏။ မအေးခံနိုင်လား။ လောကဓါတ်ပညာကို သူတစ်ခါတလေ အံ့သြဘနန်းဖြစ်မိသည်။ အအေးပုံးသေတ္တာများကို မိမိနန်းတော်အတွင်း ချိတ်ဆွဲထားလိုက်သည်မှာ ရွာအိမ်က စာကလေးအိမ်နဲ့ မခြား။ အကောင်းဆုံးရိုးမကျွန်း သားဖြင့် ပြုလုပ်ထားသော မဟော်ဂနီရောင် ပြောင်လက်နေသည့် ရွှေအနားကွပ် သလွန်တော်ပေါ် ရွှေဖင်ချထိုင်လိုက်တော့ မိဘုရားကြီး က စင်္ကာပူကျွန်းက တကူးတကမှာထားသည့် သောက်ရေတော်အေးအေးတစ်ခွက်ကို ဆက်၏။ သူတစ်ချက်မျှမော့ကြည့်လိုက်ရာ မိဘုရားကြီး၏ မျက်နှာတော်မှာ တစ်ခုခုကို ဝေခွဲမရဟန်ပေါ်နေသည်။ မိဘုရားကြီးအား ကြည့်နေရင်း သောက်တော်ရေ တကျိုက်မျှငုံလိုက်ပြီး မိမိ သိလိုလှသည့် စတော်ဘယ်ရီအိပ်မက် အကြောင်းကို မဆိုင်းမတွပင်မေးတော်မူတော့၏။

“ ကဲ .. လျှောက်စမ်းပါဦး မယ်ကြိုင်..၊ မနေ့ကအိပ်မက် ဘယ်နှယ့်ရှိပါလိမ့်၊ မောင်ဘုရား ကြားလိုလှပြီကွယ်။ ..”

မယ်ကြိုင်မှာလဲ မည်သည့်အချိန်ကတည်းက လျှောက်လိုလှသည်မသိ။ ချက်ချင်းပင်..

“ မှန်ပါ။ ကျွန်တော်မျိုးမ အိပ်မက်ကား ထူးဆန်းပါသည်။ Star Movie ချယ်နယ်ကလာသည့် ဓါတ်ရှင်ကား ကြည့်ရသည့်နှယ်၊ ရှေးခေတ်ကို ပြန်ရောက်သွားပါသည်။ သည်တစ်ကြိမ်မက်သည့်အိပ်မက်ကို ကျွန်တော်မျိုးမလဲ အတိတ်မကောက်တတ်ပါ ထီးဘုရား..။ (နန်းတော်ထဲ ဒီလိုပဲ ပြောကြ၏။ မယုံ ကြပ်ပြေးမှာ သွားကြည့်) ..”

“ ကွယ် .. လျှောက်မှာသာလျှောက်စမ်း၊ ငါကိုယ်တော်ကြားလိုလှပြီကွယ့် .. ”

“ မှန်ပါ။ ကျွန်တော်မျိုးမမက်သည်မှာ၊ သီပေါဘုရင် နှင့်စုဘုရားလတ်တို့ဖြစ်ပါသည် .. ”

“ အို .. ထူးပါပေ့၊ ဒါဟာနိမိတ်ကောင်းပါပဲ ..ဆက်လျှောက်ပါ မယ်ကြိုင် .. ”

“ မှန်ပါ။ ကျွန်တော်မျိုးမ အတိအကျမှတ်မိတဲ့ အကြောင်းက သီပေါမင်းတို့ မောင်နှံဟာ၊ အင်္ဂလိပ်လူမျိုးတို့ခေါ်ဆောင်သွားတဲ့ မီးသင်္ဘော ပေါ်ရောက်နေပါပြီ။ ဒီအရှေ့ကအကြောင်းတွေတော့ မမှတ်မိပါဘူး။ သူတို့ သင်္ဘောပေါ်မှာ ထိုင်နေတုန်း သီပေါမင်းကြီးက ဘေးနားက သူ့မိဘုရားကို တိုးတိုးလေး ကပ်ပြီးပြောပါတယ် ဘုရား .. ”

ရေမြေ့ရှင် သခင်ထိပ်ခေါင် နိုင်ငံကျော် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမျက်နှာကား ၀င်းလက်သွား၏။

“ ဟေ .. ဟုတ်လား..၊ ငါဖတ်ဖူးသလောက်၊ သူ သူ့မိဘုရားကို အဲဒီတုန်းက ဘာမှ တိုးတိုးလေး မမိန့်ပါဘူးကွယ် ..၊ ဧကန္တ သီပေါကိုယ် တော်တပိုတပါးသွားချင်လို့နဲ့ တူတယ် ဟုတ်စ .. ”

ဗြိတိသျှစတော်ဘယ်ရီ အိပ်မက်ပိုင်ရှင်ကား ရေမြေ့ရှင် သခင်ထိပ်ခေါင် နိုင်ငံကျော် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အတိတ်နမိတ် ကောက်ယူ တော်မူနိုင်ရန် ၀မ်းသာအားရ မဆိုင်းမတွပင် ဤသို့လျှောက်တင်လိုက်၏။

“ မဟုတ်ရပါဘုရား၊ သီပေါမင်းတိုးတိုးလေးမိန့်တာကို ကျွန်တော်မျိုးမ နားနဲ့ဆတ်ဆတ်ကြားလိုက်ရပါတယ်။ မင်းဟိုဘက်နဲနဲရွှေ့စမ်း…၊ ငါ ပြုတ်ကျတော့မယ် ရေထဲကို … တဲ့ .. ဘုရား .. ”

ဤတွင် ရေမြေ့ရှင် သခင်ထိပ်ခေါင် နိုင်ငံကျော် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမျက်နှာကား ရှုံ့မဲ့သွားချေတော့သတည်း။

Read More...

Tuesday, May 6, 2008

ပြောင်လျှာရှည်တို့ကတဲ့ဇာတ် (၁၆)

မိုးထဲရေထဲ ၀မ်းနည်းစွာနဲ့ ကဖြစ်တဲ့ဇာတ်လေးပေါ့လေ .....

ပြောင်ရှည် ။ ။ “ ကဲ .. ကဲ .. သတင်းတွေ ကြော်ငြာမယ် .. သတင်းတွေ ကြော်ငြာမယ်။ ဟိုကောင် .. လျှာရှည် ဒီလာစမ်း … ”

လျှာရှည် ။ ။ “ ငါ့ခေါ်တာလား ..၊ ”

ပြောင်ရှည် ။ ။ “ ဒီအဖွဲ့မှာ လျှာရှည်ဆိုလို့ မင်းတစ်ကောင်တည်းရှိတယ် ..။ လက်ကလေးနောက်ပစ်ပြီး ဟိုငေး .. ဒီငေး လုပ်မနေနဲ့..”

လျှာရှည် ။ ။ “ မြ၀တီအကြည့်များသွားလို့ပါ .. ပြော .. ”

ပြောင်ရှည် ။ ။ “ အဟမ်း .. ခု အရေးကြီးနေပြီ .. အရေးကြီးနေပြီ .. ကိုင်း .. ငါကိုယ်တော်မြတ်ကို သံတော်ဦးတင်စမ်း .. မောင်မင်း၊ ရန်ကုန်မှာ ဘဇာကြောင့် တိုင်းသူပြည်သားလူအများတို့ ရုံးစုရုံးစုဖြစ်နေသနည်း … အဲ့ .. ဟယ် … ”

လျှာရှည် ။ ။ “ သိဘူးလေ .. ”

ပြောင်ရှည် ။ ။ “ တယ် .. ရာ ရာ စစ .. ပြင်လျှောက်စမ်း .. ငလျှာရှည် .. ငါထီးဘုရားကို မခန့်လေးစားလုပ်လှပါလား မောင်မင်းက..”

လျှာရှည် ။ ။ “ အွန် .. ဘယ်လိုဖြစ်သွားရတာတုန်း .. ”

ပြောင်ရှည် ။ ။ “ တိတ် .. ဆိုတိတ် မောင်မင်း .. ငါကိုယ်တော် စိတ်ထွက်တော်မူသကွယ် .. ဘယ်နှယ့် တိုင်းရေးပြည်ရာ ရှုပ်ထွေးလှ တဲ့ အထဲ .. ပြင်လျှောက် .. ”

လျှာရှည် ။ ။ “ သြော် .. မင်းကြီးလုပ်ချင်တာလား နင်က .. ”

ပြောင်ရှည် ။ ။ “ အေးလေကွာ .. မင်းက အရိပ်ပြအကောင်ထင်စမ်းပါဟ .. ”

လျှာရှည် ။ ။ “ အင်း .. အင်း ရတယ် .. ရတယ် .. နေဦး .. ဘယ်လိုမေးလိုက်တယ် ခုနက .. ”

ပြောင်ရှည် ။ ။ “ အေး .. ငါက ဘုရင်ဆိုတော့ မင်းက ၀န်ပေါ့ကွယ်၊ .. ၀န်ပေါ့ .. ကဲ ..ကဲ .. ရွာစား စိန်ပတ်ရှည်ရေ .. ပို့စမ်းပါဦးဟ ..”

လျှာရှည် ။ ။ “ ကြိုင်ကြိုင်ဂီလာနပတ်ပျိုးလေး လုပ် ဆရာရေ ... ”

ပြောင်ရှည် ။ ။ “ ဟေ့ကောင် .. စိန်ကြောင်နီလာပတ်ပျိုးလုပ် .. ”

လျှာရှည် ။ ။ “ အင်း.. အင်း..ထားပါတော့၊ ရှေးရှေးကတော့ ၀န်ဆိုနှစ်ပါးထွက်တယ် …၊ ဆိုတော့ .. ခုက .. ငါက ၀န်စိမ်းပေါ့နော် .. ”

ပြောင်ရှည် ။ ။ “ အေး .. မင့်ဘာသာမင့် စိမ်းစိမ်းနီနီ .. ၀န်ဖြစ်ရင်ပြီးရောမဟုတ်လား .. ကဲ .. ကဲ .. ပြန်စမယ်မောင်မင်း .. ရန်ကုန်မှာ ဘယ့်နှာကြောင့် ရုံးစုရုံးစုဖြစ်နေကြသနည်း မောင်မင်း လျှောက်စမ်းဟဲ့ .. ”

လျှာရှည် ။ ။ “ သူ့ဘာသာသူ ဖြစ်တဲ့ကိစ္စ ..၊ ဘယ်လိုလျှောက်ရမှာလဲ ငါက .. ”

ပြောင်ရှည် ။ ။ “ ဟေ့ .. ငလျှာရှည် .. ပြင်လျှောက်စမ်းကွဲ့ .. ရေမြေ့ရှင်ငါကိုယ်တော် ထီးဘုရားကို ဒီလိုမဆိုရပေဘူး .. ဘုန်းတော် ကြောင့် ပြည်သူအများ ထောက်ခံမဲပေးရန် တက်ကြွစွာ လှုပ်ရှားနေကြခြင်း ဖြစ်ကြောင်းပါဘုရား .. ကြားလား ဒီလိုလျှောက်ရမကွဲ့ .. အတိုင်အဖေါက်ညီဖို့ လိုသနော် မောင်မင်း .. တီဗွီမှာပြမှာဟေ့ … ”

လျှာရှည် ။ ။ “ မှန်ပါ .. ဘုန်းတော်ကြောင့် တိုင်းသူပြည်သား လူအများတို့ ထောက်ခံမဲပေးရန် တက်ကြွစွာ လှုပ်ရှားနေကြခြင်းဖြစ် ကြောင်းပါဘုရား .. ဘုရား ..”

ပြောင်ရှည် ။ ။ “ အိမ်း .. ပီတိဖြစ်ရပါပေ့ မောင်မင်း .. ၊ ခိုးစားရာကနေ ဗြောင်စားခွင့်ရအောင် လုပ်ထားရတာ၊ ဒါနဲ့ နေပါဦး ဒီရက်ပိုင်း အတွင်း ငါကိုယ်တော်မြတ် တော်တော်အေးသကွယ်၊ ကျောထဲက ချမ်းစိမ့်စိမ့်နဲ့ .. အဲယားကွန်းလဲ ဖွင့်မအိပ်မိပါဘူး၊ မင့် .. မယ်တော် ကြိုင်ကို မေးတော့လဲ ကိုယ်လက်မအီမသာဖြစ်တော်မူသတဲ့ .. သက်တော်တွေကြီးလာတော့ ဇာတိ၊ ဇရာ၊ ဗျာတိ၊ မရဏ ဆိုတာ ပြေး မြင်မိသပေါ့ မောင်မင်း .. မင်း .. ”

လျှာရှည် ။ ။ “ မှန်ပါ .. ဘုန်းတော်ကြောင့် တိုင်းသူပြည်သား လူအများတို့ ထောက်ခံမဲပေးရန် တက်ကြွစွာ လှုပ်ရှားနေကြခြင်းဖြစ် ကြောင်းပါဘုရား .. ဘုရား ..”

ပြောင်ရှည် ။ ။ “ အေး .. အေး သင့်မြတ်လှပါပေ့..၊ ကိုယ့်စရိတ်နဲ့ကိုယ်ပေါ့..၊ သြော် .. မောင်မင်းငလျှာရှည်၊ နှုတ်သရမ်းလှချေလား၊ နင် ပြောမှ တကယ်ကျောချမ်းတော့တယ် ..၊ ပြင်လျှောက်စမ်း၊ ငါစိတ်ပေါက်တော် မူလှချေရဲ့ ..၊ ငခင်ညွန့်နောက်လိုက်သွားချင်သလား..၊ဒီ လိုပြောရတယ်ဟ ..၊ မင်းတရားကြီးဘုန်းတန်ခိုးကြောင့် ဥတုရာသီမျှတပြီး တိုင်းပြည်တစ်ဝှမ်း အေးချမ်းတော့မဲ့ နိမိတ်ပါဘုရား ..။ ”

လျှာရှည် ။ ။ “ မှန်လှပါ ..၊ မင်းတရားကြီး ဘုန်းတန်ခိုးကြောင့် တိုင်းပြည်တစ်ဝှမ်း အေးချမ်းတော့မဲ့ နိမိတ်ပါဘုရား ..။ ”

ပြောင်ရှည် ။ ။ “ အိမ်း .. အိမ်း .. ကိုယ်တော်မောင်နှံက တိုင်းပြည်အရေး ထာဝရ ဦးထိပ်ထားပြီး အလုပ်လုပ်လွန်းလို့ မမျှမတဖြစ်တာ၊ ဓါတ်မညီညွတ်မှုပေါ့ကွယ်။ အသက်တွေကြီးလို့သာ အေးတယ်ဖြစ်တာ။ နို့ပေမယ့် နောင်အနှစ်နှစ်ဆယ်လောက်တော့ အသာလေး ငလျှာရှည်ရဲ့ ..၊ အင်း .. ဒါနဲ့နေပါဦး .. လမ်းတွေပေါ်ကြက်ခြေခတ်တွေ တွေ့ရတယ်ဆိုတဲ့ အကြောင်း အထောက်တော်များဆီက ငါကြားရတော်မူတယ်။ .. ဘဇာကြောင့်ဖြစ်ရတယ်ဆိုတာ အသေးစိပ် လျှောက်တင်စမ်း .. မောင်မင်း ”

လျှာရှည် ။ ။ “ မှန်လှပါ ..၊ မင်းတရားကြီး ဘုန်းတန်ခိုးကြောင့် တိုင်းရွာတစ်ဝှမ်း အေးချမ်းတော့မဲ့ နိမိတ်ပါဘုရား ..။ ”

ပြောင်ရှည် ။ ။ “ တယ်လေ .. ငါထလုပ်လိုက်ရ .. သေတော့မယ်နင်တော့၊ ဒီကြက်ခြေခတ်တွေများလာရင် ကြက်တုပ်ကွေးထက်ဆိုး သွားမယ် ဘာမှတ်တုန်း ..။ ”

လျှာရှည် ။ ။ “ မှန်လှပါ .. ပါ .. ပါ ..”

ပြောင်ရှည် ။ ။ “ တော် .. တိတ် ..၊ ထမဖေါက်နဲ့ ..၊ တီဗွီမှာပြမှာ .. ဒီလိုပြင်လျှောက်စမ်း .. ၊ ထီးဘုရားသခင်ရဲ့ အာဏာစက်ဖြင့် အောင်မြင်စွာ ထိမ်းသိမ်းအရေးယူထားကြောင်းပါ ဘုရား .. ”

လျှာရှည် ။ ။ “ မှန်ပါ .. ထီးဘုရားသခင်ရဲ့ အာဏာစက်ဖြင့် အောင်မြင်စွာ ထိမ်းသိမ်းအရေးယူထားကြောင်းပါ ဘုရား .. ”

ပြောင်ရှည် ။ ။ “ အိမ်း .. ကိုယ်တော်ကြားရတာ အားတက်ပါပေ့၊ ဒါ.. ဒိုမီကရေစီအရေးအတွက် လုပ်ရတာပ .. ”

လျှာရှည် ။ ။ “ ဒီမိုကရေစီပါ ..၊ တီဗွီမှာပြမှာလေ ထီးဘုရား ”

ပြောင်ရှည် ။ ။ “ တယ် .. ငါလေ .. သန်လျက်နှလုံးပူးနဲ့ ထခုတ်ရ ..သိတယ်၊ လျှာမရှည်နဲ့ ..။ ဒီမိုကရေစီပေါ်ပေါက်လာအောင် ငါကိုယ်တော်မြတ် အနှစ်နှစ်ဆယ်လုံးလုံး အောင်မြင်စွာ ထိမ်းသိမ်း အရေးယူထားရခြင်းဖြစ်တယ်၊ .. ကဲ .. တနေ့က နာဂစ်ဆိုလား၊ နာ ဂျစ်ဆိုလား .. မုန်တိုင်းအကြောင်းလျှောက်စမ်း ..၊ ”

လျှာရှည် ။ ။ “မှန်ပါ .. ထီးဘုရားသခင်ရဲ့ အာဏာစက်ဖြင့် အောင်မြင်စွာ ထိမ်းသိမ်းအရေးယူထားကြောင်းပါ ဘုရား .. ”

ပြောင်ရှည် ။ ။ “ အေး .. အင်းစိန်ထောင်မီးထလောင်တာ ဒင်းကြောင့်နေမှာပေါ့၊ ဦးနှောက်လေး သုံးဦး။ တယ်မပြောချင်ဘူးနင့်ကို၊ ထီးဘုရားဘုန်းတော်ကြောင့် အင်အားအားကြီးမားလှပေမယ့် လွယ်ကူစွာပဲထိမ်းနိုင်လိုက်ကြောင်းပါဘုရား .. လျှောက်စမ်း .. ”

လျှာရှည် ။ ။ “ မှန်ပါ၊ … ထီးဘုရားဘုန်းတော်ကြောင့် အင်အားအားကြီးမားပေမယ့် လွယ်ကူစွာပဲ ထိမ်းနိုင်လိုက်ကြောင်းပါ ဘုရား .. ”

ပြောင်ရှည် ။ ။ “ မှန်လှချေတော့၊ ငါကိုယ်တော် စိတ်အေးရပြီပေါ့ ၀န်မင်းရေ ..၊ သာသနာတော် အင်မတန်ထွန်းကားပြီး၊ မင်းကျင့် တရားဆယ်ပါးနဲ့ ညီညွတ်စွာအုပ်ချုပ်တဲ့ ငါ့နိုင်ငံတော်မှာ ဘယ်ကပ်မျိုးမှ မဆိုက်ရောက်စေရဘူး မောင်မင်း ..၊ ကြားလား၊ ပြည်သူတို့ကို မောင်းခတ် ကြေငြာစေ။ မစိုးရိမ်ကြလင့်၊ ဘုရင်မင်းမြတ်ကိုယ်တော်တိုင် ရင်ဝယ်ဖြစ်သော သားသမီးတို့ကဲ့သို့ စောက်ရှောက်တော်မူနေ တယ်လို့ ..။ ပြင်ပအထောက်အပံ့များကရော ဘယ်လိုအခြေအနေရှိသလဲကွဲ့ .. ”

လျှာရှည် ။ ။ “ အင်အားအားကြီးမားပေမယ့် လွယ်ကူစွာပဲထိမ်းနိုင်လိုက်ကြောင်းပါ .. ဘုရား .. ”

ပြောင်ရှည် ။ ။ “ ငါ့ဘာသာငါ ရှိပြီးသားဟဲ့ .. ဘဏ္ဍာတော်တိုက်မှာ ..၊ ရော် .. ခက်ချေပြီငလျှာရှည်။ ၀န်မင်းလုပ်မှ ဘုရင်လဲ စက်တိုင် တက်ရကိန်းပေါက်နေပါရောလား ..။ တို့ဆီမှာရှိတဲ့ သံကိုယ်စားလှယ်တော်ကြီးများကလဲ ငွေကြေးအားဖြင့် ကူညီထားကြတယ်။ ဒီတော့ကာ ငွေကြေးများကို စိစစ်ကြပ်မတ်၍ လက်ခံရယူပါသည်ဘုရား .. ဒီလို လျှောက်မှပေါ့၊ ပေးတာလဲ အကုန်မယူရဘူး .. ကြားလား .. ကိုယ်တွေက နှယ်နှယ်ရရမဟုတ်ဘူး ..မောင်မင်း .. ”

လျှာရှည် ။ ။ “ မှန်လှပါဘုရား ..၊ ငွေကြေးများကို စိစစ်ကြပ်မတ်၍ လက်ခံရယူပါသည်ဘုရား .. ”

ပြောင်ရှည် ။ ။ “ အိမ်း .. ကောင်းလေစွ .. ကောင်းလေစွ ..၊ ကြားရသမျှ အင်မတန် ကြည်နူးစရာပေပဲ ငလျှာရှည် ..၊ ဒုက္ခရောက်တုန်း မှာ မိတ်ဆွေစစ်ဆိုတာ ပေါ်သကွယ် ..၊ သူတို့ ဒီလိုကူပေမယ့် တို့တွေကလဲ အသာမျှောမနေသင့်ပေဘူး မောင်မင်း၊ ငါ့ကိုယ်ရေး ၀န်ချုပ် ငသိန်းဆိမ်ကိုလဲ အနီးကပ်ကြီးကြပ်ဖို့ အခင်းဖြစ်ရာကို လွှတ်တော်မူထားတယ်ကွဲ့ ..၊ ဒါနဲ့ သူ့ဆီက ခြေမြန်တော်များ မရောက်ရှိပေဘူး လား၊ အကြောင်းစုံ ငါသိလိုသကွယ် .. ”

လျှာရှည် ။ ။ “ မှန်ပါ ..၊ ငွေကြေးများကို စိစစ်ကြပ်မတ်၍ လက်ခံရယူပါသည်ဘုရား .. ”

ပြောင်ရှည် ။ ။ “ သြော် .. တော်သေးတာပေါ့ .. ရမ်းသမ်းမယူမိတာ..၊ စကားကြည့်လျှောက် မောင်မင်း ..၊ တီဗွီမှာပြမှာ။ .. မင့်နဲ့တော့ ငါ ကွဲပြီးရင်းကွဲမှာပဲ ..၊ ထီးဘုရားအမိန့်တော်အတိုင်း ဦးဆွေးဆံမြေ့ အမှုတော်ထမ်းရွက်နေပါသည် ဘုရား ..၊ ဒီလိုမလျှောက်သင့်ပေဘူးလား မောင်မင်း..။ ”

လျှာရှည် ။ ။ “ မှန်ပါ။ ထီးဘုရားအမိန့်တော်အတိုင်း ဦးဆွေးဆံမြေ့ အမှုတော်ထမ်းရွက်နေပါသည် ဘုရား … ”

ပြောင်ရှည် ။ ။ “ မှန်လှပေါ့ ငလျှာရှည် ..၊ ငါ့အမှုတော်ထမ်းတွေက သာမာန်ပုဂ္ဂိုလ်တွေ မဟုတ်ဘူး မဟုတ်လားကွဲ့..၊ ပေးတဲ့တာဝန်ကို နိုင်နင်းစွာ ထမ်းဆောင်ရမှာပဲ ..။ ဒီလိုအခင်းမျိုးပေါ်ပေါက်ရင် လူဆိုးသူခိုးတွေကလဲ ထတတ်တယ် မောင်မင်း၊ မနေ့က သိမ်ကြီးဈေးမှာ လုယက်မှုဖြစ်သေးတယ်ဆို .. ။ ”

လျှာရှည် ။ ။ “ ထီးဘုရားအမိန့်တော်အတိုင်း ဦးဆွေးဆံမြေ့ အမှုတော်ထမ်းရွက်နေပါသည် ဘုရား .. ”

ပြောင်ရှည် ။ ။ “ ငတ်လာပြီကိုးကွဲ့..၊ ငါ့ခြေရာနင်းကုန်ကြပြီပေါ့ …၊ သြော် .. ငါ့နှယ် .. ငလျှာရှည် … နင်တော့ မုန်းတိုင်းလဲပြီး၊ နင်လဲပြုတ် ဖြစ်တော့မယ်နော် .. ဆင်ခြင် .. ဆင်ခြင် .. တီဗွီမှာ ပြမှာဟေ့ … ”

လျှာရှည် ။ ။ “ထီးဘုရားအမိန့်တော်အတိုင်း ဦးဆွေးဆံမြေ့ အမှုတော်ထမ်းရွက်နေပါသည် ဘုရား .. ”

ပြောင်ရှည် ။ ။ “ တယ်.. ပြောလေကဲလေပါလား..၊ ဘယ်နှယ့်လုပ်လျှောက်ရသတုန်း.. စဉ်းစားဦးမှပေါ့ မောင်မင်း ..၊ ဒီလိုအမှုအခင်း တွေဆိုရင် .. ကောလဟာလတွေပါဘုရား .. ၊ ကဲ .. ပြန်ပြင်လျှောက်စမ်း ..၊ ”

လျှာရှည် ။ ။ “ မှန်ပါ .. ကောလဟလတွေပါ ဘုရား ..၊ ”

ပြောင်ရှည် ။ ။ “အိမ်း .. အိမ်း .. ၊ ငါအုပ်ချုပ်တဲ့ တိုင်းပြည်မှာ ဒါမျိုးတွေ မရှိစေရဘူးကွဲ့ ..၊ အစာရေစာ ပေါများပါဘိသနဲ့၊ ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံဆိုတာ မောင်မင်း နားမလည်ဘူးလားကွယ် .. ”

လျှာရှည် ။ ။ “ ကောလဟလတွေပါဖရာ့ .. ”

ပြောင်ရှည် ။ ။ “ ဟော .. လုပ်ချလိုက်ပြန်ပြီ၊ ဒါမျိုးကျတော့ ပြောတတ်သတဲ့လား ငလျှာရှည် .. ။ ငါကိုယ်တော် စိတ်ကုန်ပါဘိတော့၊ ဘုန်းတော်ကြောင့် တိုးတက်ပေါများလျက်ရှိကြောင်းပါဘုရား ……. ဒီလိုလျှောက်မှပေါ့ကွဲ့ .. ၊ ငတ်မွတ်ရှားပါးမှုဆိုတာ ငါကိုယ်တော် မြတ်ကိုယ်တော်တိုင်တော့ ကနေ့ထိ မခံစားရသေးဘူး မောင်မင်းရ .. ”

လျှာရှည် ။ ။ “ မှန်လှပါ ..။ ဘုန်းတော်ကြောင့် တိုးတက်ပေါများလျက်ရှိကြောင်းပါ ဖရာ့ .. ။ ”

ပြောင်ရှည် ။ ။ “ အေး .. အေး .. ကြားရ နားဝမှာ ဂွမ်းဆီထိသလို စွဲငြိလှပါပေ့ ၀န်မင်းရ ဟေ့.. ဟေ့..၊ ဒါနဲ့နေပါဦး .. မုန်တိုင်းဆိုတော့လဲ အထိအခိုက်တော့ အနဲအကျဉ်းရှိမည်သာပ၊ သေတဲ့နာတဲ့ အကြောင်းများ ငါ့ဝန်ချုပ်ဆီက ကြားရသေးလားမောင်မင်း .. လျှောက်တင်စမ်း .. ”

လျှာရှည် ။ ။ “ မှန်ပါ..၊ ဘုန်းတော်ကြောင့်တိုးတက်ပေါများလျက်ရှိကြောင်းပါ ဖရား … ”

ပြောင်ရှည် ။ ။ “ ကွယ် .. မောင်မင်း .. လွန်လာပြီထင်တယ်။ ဒီပုံနဲ့ဆို တီဗွီမှာ လွှင့်လို့မဖြစ်ချေဘူး .. ။ ကဲ .. ကဲ .. ငါတို့ ညီလာခံ သဘင်လဲ အချိန်စေ့ပြီ ..။ ဘုန်းတော်ကြောင့် မယ်ကြိုင်လဲ သွေးတိုး ဆောင့်တက် နေရော့မယ်၊ အသေစာရင်းကြားပြီး.. ငါ ကိုယ်တော်လည်း သွေးလေမမှန်ချင်တော့ဘူး မောင်မင်း .. နားမှ နားမှ .. နားတော်မူဦးမှ ..၊ မေတစ်ဆယ်မှာ အသေမတွယ်ရခင် .. နေအကွယ်တောင် ငါမြင်ခွင့်ရပါတော့မလား …၊ ကဲ .. ရွာစား စိန်ပတ်ရှည်ရေ .. တိုတိုနဲ့လိုရင်းဗျ .. မသာဆိုင်းသာ .. ချ ….။ ။

ပြောင်လျှာရှည်

Read More...

Sunday, May 4, 2008

နအဖတို့ ဒါတွေလုပ်ကြ .....

နအဖ ဗိုလ်ချုပ်များ အနေဖြင့် အောက်ပါအချက်များကို ယနေ့မှစ၍ မပျက်မကွက် လုပ်ဆောင်ရန်အထူးလိုအပ်ပါသည်။


(၁) အနောက်နိုင်ငံများမှ မိုးလေ၀သ ခန့်မှန်းရေး ဂြိုလ်တု တီထွင်သူများအား နေ့စဉ်ပူဇော်ပသကြ။

(၂) နာဂစ်မုန်တိုင်း လားရာလမ်းကြောင်းကို ကြိုတင်ခန့်မှန်း တွက်ချက်ပေးသော အနောက်နိုင်ငံကြီးတစ်ခု၏ ရေတပ်နှင့် ပြည်ပအဖွဲ့အ စည်းအချို့အား နေ့တိုင်း ဖင်ကုန်းကုန်းပြီး ရှိခိုးဦးချကြ။

(၃) မုန်တိုင်းပြီးဆုံး၍ ဖြစ်ပေါ်လာသော ပြန်လည်တည်ဆောက်ရေး ပရောဂျက်များ အသီးသီး ဆောင်ရွက်လုပ်ကိုင်ခွင့်ရသောအခါ ထုံးစံ အတိုင်း မည်ကဲ့သို့ မျိုဆို့ကြမည်ကို ကြိုတင်စဉ်းစားကြ။

အထူးလုပ်ငန်းလမ်းညွှန်ချက် (၂) ရပ်

(၁) ယခုအခါ သရဏဂုံသုံးပါး ယိုယွင်းပျက်စီးပြီးဖြစ်သော နအဖ အဖွဲ့ဝင်များအနေဖြင့် မကြာမီအချိန်အတွင်း မြန်မာပြည်သူများ၏ ကျိန် စာ သင့်တော့မည်ဖြစ်ရာ လွတ်ရာကျွတ်ရာ၊ မိမိတို့နှင့်ထိုက်တန်ရာ ငရဲကြီးရှစ်ထပ်သို့ မည်သို့မည်ပုံ သွားသင့်သည်ကို စည်းလုံးညီညွတ်စွာ ကြိုတင် ညှိနှိုင်းတိုင်ပင်ကြ။

(၂) လိုအပ်ပါက ယခင်ရောက်နှင့်ပြီးသော အကုသိုလ်ဂိုဏ်းချုပ်ကြီး နေ၀င်းထံသို့ ဆက်သွယ်၍ လုပ်ငန်းလမ်းညွှန်များ ကြိုတင်၍ တောင်းခံကြ။

Read More...

Friday, May 2, 2008

တဇွတ်ထိုးပျံသန်း ဂျွမ်းပျံကျမဲ့အချိန်


(၂-၅-၂၀၀၈ ထုတ် ချေးမှုံသတင်းစာမှ ကောက်နှုတ်တင်ပြပါသည်။)

ယနေ့မြန်မာနိုင်ငံရဲ့အခြေအနေဟာ အနှစ် ၂၀ လုံးလုံး စစ်ခေါင်းရှောင်တွေရဲ့ ရသမျှအိပ်ထဲထည့်၊ တွေ့သမျှငါ့တို့ဟာဆိုတဲ့ မူဝါဒ ကျင့်သုံးရာကနေ မကြာခင်အချိန်လေးမှာ ဇောက်ထိုး ဂျွမ်းပျံကျတော့မဲ့ အချိန်ဖြစ်ပါတယ်။ မတန်မရာ ဒရိုင်ဘာနေရာကို ဆယ်စုနှစ်ပေါင်း များစွာ လုယူပြီး သောက်မှန်း ကန်းမှန်းမသိ စွတ်စက်မောင်းပြေးမဲ့ နအဖ သူခိုးတွေ take off လုပ်မှာကို kiss off (အဲလေ) kick out လုပ်ရမှာက မြန်မာနိုင်ငံသား အားလုံးရဲ့ တာဝန်ဖြစ်ပါတယ်။

လာမဲ့ ၂၀၀၈ မေလ (၁၀) ရက်နေ့ ရှေ့ခရီးစဉ်အတွက် ခင်ဗျားတို့ ကျုပ်တို့အားလုံး ခွေးဘ၀ရောက်စေမဲ့ ခွေးအဖွဲ့အခြေယိုင် ဥပဒေကို ပြည်သူအားလုံးပါဝင်တဲ့ ပြည်လုံးကျွတ် ခွေးမောင်းပွဲကြီးနဲ့ မရအရ ကန့်ကွက်ဖျက်ဆီးကြပါတော့မယ်။ တကယ်တော့ မြန်မာ့နိုင်ငံရေးခရီး ဟာ ဒုတိယကမ္ဘာစစ်လက်ကျန် ဒါကိုတာလေယာဉ်ပျက်ကြီးရဲ့ ခရီးစဉ်နဲ့တူတယ်လို့ တင်စားနိုင်ပါတယ်။ လွတ်လပ်ရေးရပြီး ၁၉၄၈ ဇန်န၀ါရီ (၄) ရက်နေ့မှာ ဒီမိုကရေစီလေဆိပ်ဆီ ရည်မှန်းပျံသန်းလာခဲ့ပါတယ်။ ပထမဆုံးလေယာဉ်မှူးကတော့ ဖဆပလ အစိုးရဖြစ်ပါတယ်။ အဲဒီတုန်းက ပါလီမန်ဒီမိုကရေစီခရီးစဉ်ရဲ့ တိုင်းပြည်က နုနု မုန်းတိုင်းကထန်ထန် ဆယ်နှစ်ဆယ်မိုး ဖြစ်ရပ်မှန်ကို သတင်းဆောင်းပါး တစ်ပုဒ်မှာ ခုလိုဖတ်ရှုခဲ့ရပါတယ်။

“ နှစ်ပေါင်းများစွာ အလူးအလှိမ့်ခံခဲ့ရတဲ့ ဘ၀ဆိုးကြီးက ပြည်သူလူထုတစ်ရပ်လုံးကို လွတ်မြောက်စေပြီး တကယ်လွတ်လပ်တဲ့ လူမျိုးအ နေနဲ့ ကမ္ဘာ့အလယ်မှာ ၀င့်ထည်စွာ ထည်ထည်ဝါ၀ါနေနိုင်အောင် စွမ်းဆောင်ပေးနိုင်မဲ့ အုပ်ချုပ်ရေး စံနစ်သစ်ရဲ့ ပထမအုတ်မြစ်တွေကိုသာ ချပေးနိုင်ခဲ့ပါတယ်။ ဒီစံနစ်သစ်ကြီးဟာ တစ်နိုင်ငံလုံးကို ပျံ့နှံ့ပြီး လှည်းနေလှေအောင်း မြင်းဇောင်းမကျန်၊ ပြည်ထောင်စုသား မှန်သမျှ ယုံယုံကြည်ကြည်နဲ့ လက်ခံလာနိုင်တဲ့ ဘ၀မျိုးရောက်အောင် ကျနော်တို့ ပို့မပေးနိုင်သေးပါဘူး .. ”

တိုင်းသူပြည်သားတွေ မပြောပါနဲ့ အဲဒီအချိန်က တိုင်းပြည်ရဲ့ရှေ့ဆောင်ရှေ့ရွက် ပုဂ္ဂိုလ်တွေကိုယ်တိုင် ဒီစံနစ်သစ်ကြီးထဲမှာပါတဲ့ အလွန် မြင့်မြတ်သိမ်မွေ့လှတဲ့ လောကပါလတရားကြီးတွေနဲ့ အညီ တိုင်းပြည်ကို အုပ်ချုပ်ဖို့ကြိုးစားရာမှာ စစ်တပ် စစ်ရူးတွေက အာဏာကို ဖြတ် လမ်းကကော ကုန်းဆင်းရော အချောင်ပါ လုယူလိုစိတ်ပြင်းထန်စွာနဲ့ အနှောက်အယှက်မျိုးစုံ ပြုလုပ်လာတယ်ဆိုတာ သတိမမူမိခဲ့ပါဘူး။

ကြံဖန်သွေးထိုး၊ ကူလီကူမာမျိုးစုံနဲ့ အနှောက်အယှက်တွေ ၀င်လာတဲ့အခါမှာတော့ တက်ကနီကာလာသူပုန်တွေ ထကြပြန်ပါတော့တယ်။ အဲဒီတော့ တစ်ဘက်က တော်လှန်ရေးသမားများ။ အခြားတစ်ဘက်က မဖြစ်ဖြစ်အောင်ဖန်တီး သွေးထိုးထားလို့ ခေါင်းဆောင်ကြီး၊ ခေါင်း ဆောင်ငယ်တွေရဲ့ သူ့ကိုယ်မယုံ၊ ကိုယ့်သူမလေးစား ဖြစ်ချင်သလိုဖြစ်နေတဲ့ အချိန်ကောင်းမှာပဲ သန္ဓေကောင်းခဲ့ပေမယ့် အခြေအနေ မ ကောင်းတော့တဲ့ စစ်တပ်ဟာအာဏာငန်းဖမ်းမှုများစွာနဲ့ တိုင်းပြည်ကို ချောက်ထဲ တည့်တည့်ပဲ ကန်ချခဲ့ပါတော့တယ်။ ချောက်ထဲ ခွေးကျ ကျပြီးတောင်မှ စစ်လင်းတတွေရဲ့ ဖြတ်ခုတ်လမ်းစဉ်အောက်မှာ တိုင်းပြည်ဟာ ကျန်တာဆိုလို သရေနဲ့ဂျို၊ ခုဆိုရုပ်တောင် မပီတော့ပါဘူး။

အဲဒီအချိန်ကတည်းကစလို့ ဒီမိုကရေစီနည်းမကျတဲ့ အချက်တွေဟာ ရေတွက်မကုန်အောင် တည်ရှိနေခဲ့ပါတော့တယ်။ သိသာတဲ့ အချက် နှစ်ခုခန့်ကို လက်အညောင်းခံလို့ ရေးသားရမယ်ဆိုရင်ဖြင့် ပထမအချက်က နအဖ ထိပ်သီးတွေရဲ့ ဂွင်ရှာပြီးအကြံအဖန်လုပ် မျိုဆို့တဲ့ အ ခြေအနေမျိုးမှာ ဦးရာလူ လက်သိပ်ထိုး၊ ပိုင်ရာဆိုင်ရာ ခွံ့ကြ အကြ၊ ဖြစ်နိုင်ရင် အပုပ်နံ့မပေါ်မချင်း တစ်ဦးနှစ်ဦးတည်းက မောင်ပိုင်စီး ၀ါး ပွဲကျင်းပကြခြင်းဖြစ်ပါတယ်။ ဒါကိုကျနော်တို့ ပြည်သူတွေအားလုံး သတိဝီရိယရှိစွာနဲ့ အခု မေလ (၁၀) ရက်နေ့မှာ အမှန်အကန် ပြုပြင်ရ မှာဖြစ်ပါတယ်။

နောက်တစ်ချက်က အကယ်၍ အမျိုအဆို့လွန်ပြီး စားပိုးနင့်ကာ မထွေးနိုင်မအန်နိုင်နဲ့ လူသိထင်ရှားဖြစ်လာတဲ့ အခါမှာတော့ ဥပဒေကို ဖင်ခုထိုင်ထားတဲ့၊ ပြီးတော့ အယုတ်တမာတွေကြားထဲမှာမှ ပိုပြီးတော့ ကောက်ကျစ်ယုတ်မာတဲ့ သူက ခုနက စားပိုးနင့်နေသူကို ရမ်း သမ်းဆွဲစေ့ပြီး အရှက်ပြေ စကားတစ်ခွန်းနှစ်ခွန်း ထုတ်ပြောလေ့ရှိတတ်ကြတာပါ။ “ ဥပဒေအထက်မှာ မည်သူမျှ မရှိစေရ ” ဆိုတာမျိုး ဖြစ်ပါတယ်။ နောက်ဆက်တွဲ “ ဗိုလ်ချုပ်ကြီးများမှ လွဲ၍ .. ” စကားစုကိုတော့ သူတို့ ဘယ်တော့မှ တရားဝင် ထုတ်ပြန် ကြေငြာလေ့မရှိ ပါဘူး။ ဒါဟာ မြန်မာပြည်သူတွေအတွက်တော့ ဒီမိုကရေစီ ဘေးတွေ့တာပါပဲ။ ကျွန်တော်တို့ အပြင်းအထန် ကန့်ကွက်ရမှာ ဖြစ်ပါတယ်။ စစ်ဗိုလ်ချုပ် လက်တစ်ဆုပ်စာရဲ့ ခိုးသမျှပေါ်၊ ယုတ်သမျှ လူသိရှင်ကြားဖြစ်လို့၊ အရပ်ရပ်နေပြည်တော်က ၀ိုင်းကာအော်လာ ငေါက်လာတဲ့ အခါမျိုးမှာ ဆိုရင်ဖြင့် “ ကျွန်တော်တို့ဟာ ကျွန်တော်တို့ မိသားစု ကောင်းစားရေး၊ ဆွေမျိုးကောင်းစားရေး တပည့်ကြီးတပည့်ငယ်၊ ကပ် မြှောက်ဖားယား၊ စွမ်းအားရှင်များ ကောင်းစားရေးအတွက် .. အလွဲသုံးစားလုပ်မိခဲ့ပါတယ် .. ” လို့ ဘယ်သောအခါမှ ၀န်ခံခြင်းမျိုးမရှိခဲ့ ကြပါဘူး။ “ ပြည်ပအားကိုး ပုဆိန်ရိုး … (မျက်စိနောက်မှာစိုးလို့ .. ဆက်မရေးတော့ ..) စသည့် စသည့် စကားလုံးများစွာဖြင့် ဝေဖန်မှိုင်း တိုက်ရုံမျှသာဖြင့် မြန်မာ့နိုင်ငံရေးခရီးစဉ်ဟာ ဘယ်လောက်များ လှုပ်ခါနေပါတော့မလဲ ..။

ခရီးသည်ပမာ လိုက်ပါနေတဲ့ မြန်မာပြည်သူများဟာဆိုရင်ဖြင့်၊ Ball Mill ထဲထည့်အကြိတ်ခံရတဲ့ ဗြုန်းကျောက်ပမာ ဘယ်လောက်များ အ ခံရ ခက်ပါမလဲ။ တွေးကြည့်ရုံနဲ့ သိသာပါတယ်။ ၁၉၅၈ အာဏာရ ဖဆပလ အစိုးရ တိုင်းပြည်အရေး စေ့စပ်ဆွေးနွေးနေတဲ့ကြားကပဲ သန်းရွှေရဲ့ဂုရုဦးဆောင်တဲ့ စစ်တပ်ဟာအိမ်ဖျက်အစိုးရအဖြစ် အဲဒီဒါကိုတာကြီးကို မောင်းချင်လွန်းလို့ လက်ပစ်ဗုံးပြပြီး အတင်းဝင်လုကာ မောင်ပိုင်စီးခဲ့ပါသေးတယ်။ ဒါပေမယ့် အိမ်ဖျက်အစိုးရအဖြစ် အားမလိုအားမရဖြစ်လာတဲ့ အဲဒီဂရုကြီးဟာ ပိုပြီးတော့ အာဏာပြနိုင်အောင် တပ်မတော်အမည် အလွဲသုံးစားလုပ်ပြီး ကိုယ့်ဘာသာကိုယ် အာဏာပြန်သိမ်းလိုက်ပါတော့တယ်။ ၁၉၇၄ ဖျက်ဆီးပုံ ဥပဒေဆိုတာကြီးနဲ့ နားလှည့်ပါးရိုက်ပြီး အနှစ်သုံးဆယ်နီးပါး အကြီးအကျယ်ခိုးကြ လုကြပါတော့တယ်ခင်ဗျ။ အဲဒီအချိန်အတောအတွင်းမှာတော့ စစ်တပ်ဟာ ပြည်တွင်းစစ်ပွဲတွေကို မဖြစ်ဖြစ်အောင် အတင်းကိုဖန်တီးယူပြီး မြန်မာပြည်သူတွေကို မျက်လှည့်ပြထားခဲ့ပါတော့တယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်မှာတော့ အဲဒီလေယာဉ်ကြီးဟာ လေထဲမှာပဲ ကိုးရိုးကားယားဖြစ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အိမ်သာတံခါးဝမှာ အလစ်ချောင်းနေတဲ့၊ ထိုင်ခုံအရသာကို စွဲမက်မိနေပြီဖြစ်တဲ့ တပည့်ကျော် သန်းရွှေဦးစီး န၀တ တဖြစ်လဲ ယနေ့ နွားအ ဖွဲ့ဟာ ဆရာ့ထက်လက်စောင်းထက်စွာ ဒုံးကျည်ပြပြီး ထပ်လုလိုက်ပါတော့တယ်ခင်ဗျာ။ လေယာဉ်ဦးခန်းက ဂရုကြီးနဲ့တကွ အမျိုးအဆွေ တွေအားလုံးကိုလဲ ကန်ချပစ်လိုက်တာ ကျီးထိုးထိုး ငါးကိုက် ကိုက်ပဲပေါ့။

အဲဒီနောက် လေယာဉ်တစ်စီးလုံးကို ပြန်ပေးဆွဲပြီး ခရီးသည်တွေဆီက ရှိတာမှန်သမျှ အကုန်ပဲချွတ်ယူပါတော့တယ်။ ပါးစပ်ထဲတွေ့ကရာ လျှောက်ပြောပြီးသကာလ.. မောင်းချင်သလိုပဲ မောင်းပါတော့တယ်။ မမောင်းနိုင်တဲ့အခါမတော့ မြင်ရာကွင်းထိုးဆင်းလို့ လေယာဉ်မှာ ရှိ သမျှ ဖြုတ်ရောင်းစားပါတော့တယ်။ ခုချိန်မတော့ ကျန်တာဆိုလို့ ကြမ်းပြင်ပေါ် မျက်စိသူငယ်နားသူငယ်နဲ့ ဆင်းထိုင်နေရတဲ့ ကျွန်တော်တို့ ပြည်သူတွေပဲပေါ့ခင်ဗျာ။

ခရီးစဉ်တလျှောက် အားလုံးသောပြည်သူတွေရဲ့ ဆန္ဒဖြစ်တဲ့ ဒီမိုကရေစီ ခရီးစဉ်အစစ်အမှန်ကို မဖြစ်မနေပျံသန်းရတော့မဲ့အချိန်မှာ ခေါင်း ခန်းကနေထွက်မပေးချင်တဲ့ စစ်ဗိုလ်ချုပ်တစ်စုဟာ အကြံအဖန်တွေ စလုပ်ပါတော့တယ်ခင်ဗျ။ နောက်က အိမ်သာထဲ တည့်ရာလူ ခေါ် ထည့်ပြီး အိမ်သာညီလာခံဆိုတာကြီးလုပ်၊ လမ်းပျောက်မြေပုံဆိုတာချပြ။ ပျက်နေတဲ့ လေယာဉ်ပြေးလမ်းကို ခရီးသည်တွေ အဓမ္မအားနဲ့ အတင်းကို ဖေါက်ပါတော့တယ်။

အခုဆိုရင် မြန်မာ့နိုင်ငံရေးခရီးလေယာဉ်ကြီးဟာ အဘက်ဘက်က သုံးမရအောင် အဖျက်ခံထားရပြီမို့ မဆင်မခြင်ထင်ရာလုပ်မဲ့ နအဖ ပိုင်းလော့တွေကို အားပေးရင်ဖြင့် ကိုယ်ကျိုးနဲရဖို့ ရာနှုန်း (၁၀၀၀) ရှိနေပါပြီ။ ဒီလေယာဉ်ကြီးနဲ့ ပတ်သက်လို့ နအဖ ဟာဘယ်လိုမှ ထိမ်း သိမ်း မောင်းနှင်နိုင်စွမ်း မရှိဘူးဆိုတာ မိဘပြည်သူများအားလုံးလဲ မျက်မြင်ကိုယ်တွေ့ပါခင်ဗျ။ လေယာဉ်ထဲမူးတဲ့လူကမူး၊ အန်တဲ့လူက အန်၊ တစ်စီးလုံးလဲ နံစော်နေပါပြီ။ ဒီလေယာဉ်ကြီးကို တည့်မတ်မှန်ကန်စွာ မောင်းနှင်နိုင်မဲ့ လူတွေကိုလည်း လေယာဉ်ထဲမှာ ချုပ်ထား သေး။ အချိန်တန်ရင် ကန်ချဖို့လဲ စီစဉ်ထားပါတယ်။ အိမ်သာညီလာခံကချမှတ်ထားတဲ့ ဥပဒေမူကြမ်းဆိုတာကလဲ ပင်းရာပင်းကြောင်း ကို အောင်သောင်းတို့ပဲ တက်မောင်းမှာ ဖြစ်ပါတယ်ခင်ဗျ။ ဒီလူတွေက လေယာဉ်မောင်းဖို့ မပြောနဲ့ ရွာမှာတုန်းက လှည်းတောင် နွားနှစ် ကောင်ကရင် လမ်းဘေးထိုးဆင်းတတ်တဲ့ အမျိုးတွေပါ။ ရာသီဥတုလေးမှန်ပြီး ပါလာတဲ့ ခရီးသည်တွေ လှုပ်လှုပ်ရှားရှား သိပ်မလုပ်ရင် တော့ ပိုင်းလော့တွေ ဝေစားမျှစားပေါ့။ နောက်ကနဲနဲ လှုပ်လာမယ်ဆိုရင်တော့ (Co-pilot) နေရာမှာထိုင်နေတဲ့ ဦးစီးဂျုပ်ကြီးက ဆွဲလုမှာ သေချာတယ်။ ဒါဟာ စစ်တပ်က တမတ်သားပါနေရခြင်းအကြောင်းအရင်းပါပဲ။

အရင်တုန်းက ပါလီမန်ဒီမိုကရေစီခေတ်ရဲ့ ပြည်သူအတွက် ကောင်းတဲ့ အချက်လေးတွေလျှော့၊ တပါတီဆိုရှယ်လစ်တုန်းကလို မခံလိုက်ရ လေအောင်၊ ဒီပိုင်းလော့ ဒီပိုင်းလော့ပဲ ထပ်ထပ်ပြီး မောင်းခွင့်ရအောင် အခုဖျက်ဆီးပုံဥပဒေဆိုတာကြီးမှာ အသေအချာ ညှိယူထားခြင်း ဖြစ်ပါတယ်။ Pilot အဖြစ် ပြည်သူထဲက တစ်ယောက်မှ ခေါ်မှာဟုတ်ဘူး။ ဘာလို့ဆိုတော့ Business Class မှာ စောင့်နေတဲ့ တပည့်တွေ အများကြီးရှိသေးတာမို့လို့ပါ။

ဒါကြောင့်ခုလာမဲ့ မေ(၁၀) မှာ နအဖ ရဲ့ အခြေခံဥပဒေကို ယောင်ရမ်းပြီး အမှန်များ ခြစ်ပေးလိုက်ရင် စည်းကမ်းဥပဒေဆိုတာ မြန်မာနိုင်ငံ မှာ နောက်ဘုရားပွင့်မှ ပေါ်လာနိုင်ကောင်းတဲ့ အရာဖြစ်သွားပါလိမ့်မယ်။ ဒီလာမဲ့ ဥပဒေဟာ မူကိုချမှတ်ထားတာ မဟုတ်ပါဘူး။ လူကိုပဲ အဆင်ပြေသလို ယူနီဖေါင်းချွတ်လဲပေးမဲ့ စာရွက်တွေသာဖြစ်ပါတယ်။ မြန်မာလူမျိုးအားလုံးအတွက် အဆိုးတကာ့ အဆိုးဆုံး အခြေအ နေကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ အဲဒီမူဝါဒအတိုင်း လိုက်နာအကောင်အထည်ဖေါ်နိုင်မဲ့ လူကလည်း ကြပ်ပြေးက အဲယားကွန်းအခန်း ထဲမှာ ကြက်ဆီပြန်တွေ၊ ၀က်သနီလန်တွေနဲ့ အသင့်စောင့်နေပါပြီ။ ဒီဖြစ်ပေါ်လာမဲ့ မူဟာဆိုရင်ဖြင့် ခင်ဗျားတို့ ကျွန်တော်တို့ အစာအိမ်ကို ဟောင်းလောင်းဖြစ်စေမဲ့ အာဏာရှင်အစိုးရကို ရွေးချယ်ပေးမှာဖြစ်ပါတယ်။ မေ (၁၀) မှာ အမှန်ခြစ်ရင်ဖြင့် လှည်းတောင်မမောင်းတတ်တဲ့ စစ်ဗိုလ်တွေ ဦးဆောင်မဲ့ မြန်မာ့နိုင်ငံရေး ခရီးစဉ် ဒါကိုတာအစုတ်ကြီးဟာဖြင့် ဆီမလောက်တဲ့ ခရီးမှာ ခရီးသည်များ အသက်ပျောက်ဖို့ သာရှိပါတော့တယ်ခင်ဗျ။ ဒါကြောင့် မဲရုံများသွားဖြစ်ခဲ့ရင် ကြက်ခြေလေးသာ ခတ်တော်မူကြပါ မိဘပြည်သူအပေါင်းတို့.....။

(၂-၅-၂၀၀၈ ထုတ် ချေးမှုံသတင်းစာမှ ကောက်နှုတ်တင်ပြပါသည်။)

Read More...

Sunday, April 27, 2008

ငါတို့ .. ဘယ်တော့မှ မမှားဘူးဟေ့ !!

Read More...

Saturday, March 8, 2008

ဦးတောင်ဗြုန်းနှင့် တွေ့ဆုံမေးမြန်းခန်း

လျှာရှည် ။ ။ “ လေးစားအပ်ပါသော ရုပ်မြင်သံကြား ပရိသတ်အပေါင်းတို့ခင်ဗျား ကျွန်တော်များ “ပြောချင်လွန်းလို့” စတူဒီယိုက နေပြီး “မင်္ဂလာပါ” လို့ နှုတ်ခွန်းဆက်သပါတယ် .. ။

ဒီနေ့ Live အစီစဉ်မှာတော့ မြန်မာပြည်တွင်မက ကမ္ဘာကပါ မျက်စိလည်သွားစေတဲ့ နအဖရဲ့ဆန္ဒခံယူပွဲနဲ့ ရွေးကောက်ပွဲ ကြေငြာချက် ကြောင့် ရှုပ်ယှက်ခပ်ကုန်တာကို ရှင်းသွားအောင်လို့ နအဖရွေးကောက်ပွဲကော်မရှင် ဥက္ကဌကို ကျွန်တော်များ စတူဒီယိုကို ဖိတ်ကြား ထားပါတယ်။ အခုဆိုရင် တိုက်ရိုက် အသံလွှင့်ပေးမယ့် ဆိုင်ရာပုဂ္ဂိုလ်များလည်း အဆင်သင့် ရောက်ရှိနေကြပါပြီခင်ဗျာ .. ။ ”

ပြောင်ရှည်တစ်ယောက် တိုက်ပုံတကားကားနဲ့ စတူဒီယိုထဲဝင်လာပြီး စပ်ဖြီးဖြီးမျက်နှာနဲ့ ထိုင်ခုံပေါ်ထိုင်ချလိုက်တယ်ဆိုရင်ပဲ ..

လျှာရှည် ။ ။ “ ပရိတ်သတ်များခင်ဗျား.. အခုမြင်နေရတာကတော့ ဥက္ကဌပါဗျာ..၊ ကိုင်း.. ဥက္ကဌကြီးမိတ်ဆက်ပေးပါဦး .. ”

ပြောင်ရှည် ။ ။ “ ဟဲဟဲ ကျွန်တော်ကတော့ မြန်မာပြည်ရဲ့အသက်သွေးကြောပမာ အရေးကြီးနေတဲ့ အခြေခံဥပဒေ ဆန္ဒခံယူပွဲနဲ့ ၂၀၁၀ မှာ ကျင်းပမယ့် ရွေးကောက်ပွဲဆိုင်ရာ ကော်မရှင် ဥက္ကဌ ဦးတောင်ဗြုန်းဖြစ်ပါတယ် ..။ ”

လျှာရှည် ။ ။ “ တောင်ဗြုန်းဆိုတော့ မင်းကြီးမင်းလေးကော နေကောင်းရဲ့လား .. ”

ပြောင်ရှည် ။ ။ “ အင်း..၊ မင်းကြီးကတော့ သွေးရူးသွေးတမ်းပဲ ..၊ မင်းလေးကတော့ အမူးမပြေသေးဘူး နဲနဲများသွားတယ် ..(သြော် .. ယောင်ကုန်ပြီ) ”

လျှာရှည် ။ ။ “ ရုပ်မြင်ကြည့် ပရိသတ်ရေ.. ဥက္ကဌကြီးအမှန်ကန်ယောင်တာပါ..၊ ဟုတ်ကဲ့ အခုလို မအားမလပ် အရှုပ်တွေ လုပ်နေတဲ့ ကြားက ...... ”

ပြောင်ရှည် ။ ။ “ သတင်းထောက် .. အလုပ်တွေရှုပ်တယ်လုပ်စမ်းပါ .. ”

လျှာရှည် ။ ။ “ သြော် ..၊ ဟုတ်ကဲ့ အလုပ်တွေရှုပ်နေတဲ့ကြားက အခုလိုလာပြီး အသေးစိတ် ရှင်းလင်းပြောကြားပေးမယ့် ဥက္ကဌ ဦးတောင်ဗြုန်းကို ကျေးဇူးတင်ပါတယ် ...၊ ဟုတ်ကဲ့ .. စလိုက်ရအောင် ..၊ အခု.. ဆန္ဒခံယူပွဲကြောင့်ပေါ့လေ ပြည်တွင်းမှာကော ပြည်ပ မှာပါ တော်တော်လေး ဂယက်ရိုက်ကုန်တာပေါ့လေ ..၊ ဒီတော့ကာ ဒီဆန္ဒခံယူပွဲကို ဘယ်လိုဘယ်ပုံ စီစဉ်ထားတယ်ဆိုတာလေး ရှင်းပြပေး ပါလား .. ”

ပြောင်ရှည် ။ ။ “ ဒါကတော့ အင်မတန်ရှင်းပါတယ် ..၊ ကျွန်တော်တို့သွားနေတဲ့ တရုတ်မက်ကို အကောင်အထည်ဖော်တာပါပဲလေ..၊ အခုဆို အဆင့်နှစ်ကို ပြင်ဆင်တာပါ .. ”

လျှာရှည် ။ ။ “ နဲနဲရှင်းရှင်းလေးပြောပါလား..၊ တရုတ်မက်ဆိုလားလို့ .. ”

ပြောင်ရှည် ။ ။ “ သြော် .. အရေးထဲ ဘိုသံမပီဘူးဖြစ်သွားတာ ရုတ်မက်ကိုပြောတာ..၊ အောင်မလေး .. မနဲပြောရတယ် .. ”

လျှာရှည် ။ ။ “ ဟုတ်ကဲ့.. ဆက်ပါ ”

ပြောင်ရှည် ။ ။ “ ဆက်ရရင်တော့ အထုံးတွေက မနဲဖြည်ရမယ်..၊ ရှုပ်လွန်းလို့ ဒီကြိုးတွေ ... ”

လျှာရှည် ။ ။ “ မဟုတ်ဘူးလေ.. ဆက်ပြောပါလို့ ပြောတာပါ .. ”

ပြောင်ရှည် ။ ။ “ သြော်.. မသိဘူး ..၊ အင်း..အဲလို ရုပ်မက်ကို အပီအပြင်သွားတာပါပဲ ..၊ ဒါကို မဖြစ်မနေ လူကြီးတွေလမ်းညွှန်ချက်နဲ့ အညီ ဆောင်ရွက်နေတာပါ .. ”

လျှာရှည် ။ ။ “ ဟုတ်ကဲ့ ..၊ အဲဒီတော့ အိုကေမယ်လို့ထင်ပါသလား..”

ပြောင်ရှည် ။ ။ “ အိုဟို ..၊ မအိုကေလဲ အိုကေအောင်လုပ်မှာပါ၊ အခုဆန္ဒခံယူပွဲကို၊ ဘာညာဝေဖန်ရင် ထောင်၃ နှစ် .. ”

လျှာရှည် ။ ။ “ ဟုတ်ကဲ့ ..၊ ဘယ်လိုမျိုးနေရာတွေမှာ ဆန့်ကျင်ရင် ပြစ်မှုအကျုံးဝင်တယ်ဆိုတာလေး ရှင်းပြပေးပါဦး .. ”

ပြောင်ရှည် ။ ။ “ အဲ .. အထူးသဖြင့် .. မဲရုံနားတစ်ဝိုက်မှာ မထောက်ခံဘူး၊ မဲမပေးဘူး၊ အဲလို ဘူးတွေချည်းလုပ်ရင် အကျုံးဝင်တယ် ဘူ.. တာတို့ ဘူးတို့ လုံးဝ အလိုမရှိဘူး .. ”

လျှာရှည် ။ ။ “ ဟုတ်ကဲ့ .. တကယ်လို့များ မဲလာထည့်တဲ့လူတွေထဲက အီးပေါက်လို့ 'ဘူ' လို့ ထွက်ရင်ရော .. ”

ပြောင်ရှည် ။ ။ “ ဒါလဲ အကျုံးဝင်တယ် .၊ ဘာဘူမှ မဖြစ်ရအောင်ကို အထူးစောင့်ကြည့်ခိုင်းထားတယ် .. ”

လျှာရှည် ။ “ ဟုတ်ကဲ့ .. ဘယ်လိုများပါလဲ .. ”

ပြောင်ရှည် ။ ။ “ စွမ်းအားရှင်နဲ့ ကြံ့ဖွတ်တွေကို အနီးကပ် ဘယ်ကောင်အီးပေါက်ပြီး ဆန့်ကျင်လဲကအစ စောင့်ကြည့်ခိုင်းထားတယ် ..”

လျှာရှည် ။ ။ “ ဒါဆို .. ဒီလူတွေက လာသမျှဖင်တွေကအစ လိုက်ကြည့်နေမယ့်သဘောပေါ့ .. ”

ပြောင်ရှည် ။ ။ “သိပ်မှန်တာပေါ့ ..၊ လုံးဝအပျက်မခံနိုင်ဘူးလေ..”

လျှာရှည် ။ ။ “မဲရုံက ဘယ်မှာထားမယ်စဉ်းစားထားလဲ .. ”

ပြောင်ရှည် ။ ။ “ သူ့ရပ်ကွက်နဲ့သူပေါ့..၊ အထူးသဖြင့်တော့ ကျောင်းတွေမှာပါ..၊ ဘက်ပေါင်းစုံမှာလဲ ကင်မရာတွေ တပ်ထားမယ်..၊ ပြီးတော့ကာ အထူးစောင့်ကြည့်မယ် ..”

လျှာရှည် ။ ။ “ မဲပုံးတွေကော .. အဆင်သင့်ဖြစ်နေပြီလားဗျ.. ”

ပြောင်ရှည် ။ ။ “ အိုး.. ဒါလား အခု (က.စ.လ) မှာ တရုတ်ပညာရှင်တွေနဲ့ ပူးပေါင်းပြီး အထူးမဲပုံးတွေထုတ်နေတယ် ..”

လျှာရှည် ။ ။ “ စိတ်ဝင်စားစရာပဲ ..၊ ဘယ်လို .. အထူးဆိုတာက .. ဒါလေးသိပါရစေ .. ”

ပြောင်ရှည် ။ ။ “ တရုတ်ကလာတဲ့ ဂျက်ပေါ့ဆွဲတဲ့စက်လိုမျိုးပါ ..၊ ဘာထိုးထိုး ဒိုင်စားမှာလေ .. ”

လျှာရှည် ။ ။ “ ဒါ အတော် သမာသမတ်ကျအောင် ပြင်ဆင်ထားတာပဲ ..၊ နိုင်ငံခြားသတင်းထောက်တွေကို ပြည်ဝင်ခွင့်ဗီဇာပေးတာတို့ မဲရုံနားမှာ ဗီဒီယိုမှတ်တမ်းတင်တာတို့ လုပ်ပေးဖို့ အစီစဉ်များရှိခဲ့ရင် တဆိတ်လောက်ရှင်းပြပေးပါလား .. ”

ပြောင်ရှည် ။ ။ “ အရမ်းလွတ်လပ်ပါတယ် ..၊ လွတ်လပ်စွာ သတင်းယူခွင့်ရှိပါတယ် .. ပြီး…. ”

လျှာရှည် ။ ။ “ ဒါဆိုမဟာအခွင့်အရေးကြီးပဲ .. ”

ပြောင်ရှည် ။ ။ “ စကားမဆုံးသေးဘူး ..၊ ရိုက်ပြီးအခွေတွေကိုတော့ လေဆိပ်မှာထားခဲ့ရပါမယ် .. ”

လျှာရှည် ။ ။ “ သြော်.. ဒါဆိုသူတို့က အားအားယားယား ရှော့ပင်လာထွက်တာပေါ့လေ ..၊ ထားပါတော့ ..၊ အင်တာနက်ခေတ်ကြီးမှာ ဒီလိုနည်းနဲ့ရပါ့မလား .. ”

ပြောင်ရှည် ။ ။ “ အဲဒါကြောင့် ဧပြီလ နောက်ဆုံးပါတ်ကစပြီး အင်တာနက် ရေအောက်ကေဘယ်လိုင်းတွေကို ငါရွှေနဲ့ ငါးမန်းက မိတ်လိုက်ရင်း စပြီးကိုက်ဖြတ်ပါလိမ့်မယ် ..၊ မပူပါနဲ့ .. ”

လျှာရှည် ။ ။ “ အင်း .. ကိုက်ပဲကိုက်နိုင်လွန်းတယ် ..၊ ဒါနဲ့ .. နိုင်ငံရပ်ခြားရောက်နေတဲ့ မြန်မာတွေအတွက် မဲပေးအစီစဉ်လေး သိပါရစေ .. ”

ပြောင်ရှည် ။ ။ “ သြော် ..ဒါလေးများ အခုကတည်းက ထောက်ခံမဲတွေတပုံကြီး လက်ခံရရှိလို့ပဲ သံရုံးအသီးသီးကနေ ပို့ပေးနေကြ ပြီလေ .. ”

လျှာရှည် ။ ။ “ မေလမှဟာကို အခုကတည်းက ဘယ်လိုဖြစ်တာလဲ ..၊ ရှင်းစမ်းပါဦးဗျ .. ”

ပြောင်ရှည် ။ ။ “ ခက်လိုက်တာ ..၊ သံရုံးမှာ မဲပုံးထောင်ရင် မီးဝိုင်းရှို့မှာစိုးလို့ အခုကတည်းက သံအမတ်ကြီးတွေက ကိုယ်အစီစဉ်နဲ့ ကိုယ် ထောက်ခံမဲတွေကို လက်နဲ့ထိုးလိုက် ခြေနဲ့ထိုးလိုက် ထိုးစရာခြေလက်ကုန်တော့ ရှိတဲ့ဟာနဲ့ထိုးပြီးပို့ကြတာပေါ့လေ .. ”

လျှာရှည် ။ ။ “ အင်း .. ၊ သံအမတ်ကြီးကတော့ဟုတ်ပါပြီ..၊ သံအမကြီးကျတော့ ဘာနဲ့ထိုးမှာလဲ .. ”

ပြောင်ရှည် ။ ။ “ ပတ်ကားနဲ့ ထိုးမှာပေါ့ ... ၊ ဘော(လ်)ပင်ကိုပြောတာပါ .. ”

လျှာရှည် ။ ။ “ အင်း .. သံအရာရှိတွေက အဆင်ပြေကျတော့ ဘောပင်ကောင်းကောင်း ၀ယ်နိုင်ကြတာကိုး..၊ ထားပါလေ အခုအိုင်စီ တွေလဲ တောရောမြို့ပါ လုပ်ပေးနေတယ်ကြားတယ် ဟုတ်ပါသလားခင်ဗျ .. ”

ပြောင်ရှည် ။ ။ “ အိုင်စီတော့မသိဘူး..၊ လေးဇီးကလပ်နဲ့ အင်ပါယာတို့၊ ဟစ်ဟော့အဖွဲ့တို့ကတော့ မြို့ရောတောပါလိုက်ပြီး ဖျော်ဖြေ နေကြတာပဲ .. ”

လျှာရှည် ။ ။ “ ဟင် .. ခက်ပါလား..၊ အိုင်စီ ဆိုတာ Identity Card မှတ်ပုံတင်ကိုပြောတာ .. ”

ပြောင်ရှည် ။ ။ “ သိဘူးလေ အဟင်း ..ဟင်း ..၊ ဟုတ်ပ .. အခု အကုန် ပြည်မကြီးကော ..၊ တောကော အစုံလုပ်ပေးနေတယ် မခွဲခြားဘူး ..၊ တန်းတူလုပ်ပေးနေတယ် ..”

လျှာရှည် ။ ။ “ ဒီလောက်အချိန်နည်းနည်းလေးထဲ တပြိုင်တည်းမှာလုပ်ပေးရတော့ မျိုးရိုးဇာတိတို့ ..၊ နောက်ခံသမိုင်းတို့ အတိအကျ စစ်နိုင်ပါမလားဗျ ..၊ ဥပမာဗျာ ရှမ်းပြည်တရုတ်နယ်စပ်တို့ ဘာတို့လိုနေရာတွေပေါ့ .. ”

ပြောင်ရှည် ။ ။ “ ပြည်မကြီးနဲ့မခွဲခြားဘူးဆိုမှပဲ ..၊ ဘာဇာတိစစ်စရာလိုသေးလဲ .. ”

လျှာရှည် ။ ။ “ အင်း.. ဘယ်ပြည်မကြီးကိုပြောတာလဲမသိ ..၊ ထားပါတော့ မဲတွေကို အများပြည်သူ ၁၀ ယောက်ရှေ့မှာ ရေတွက်မယ် ဆိုတော့ ..၊ အဲဒီလူတွေက ဘယ်လိုလူမျိုးတွေကို ပြောတာပါလဲခင်ဗျ .. ”

ပြောင်ရှည် ။ ။ “ မဲတွေကများတော့ တော်ရုံလူတွေမရေတွက်နိုင်ဘူးလေ ..၊ ဒါကြောင့်သမာသမတ်လဲကျအောင်၊ မြန်လဲမြန်အောင်လို့ မသာအိမ်လှည့်ပြီး ဖဲရိုက်တဲ့လူတွေကို ခေါ်ထားပါတယ် ..၊ ကောင်းကောင်း ကုလားဖန်ထိုးနိုင်ကြမှာပါ .. ”

လျှာရှည် ။ ။ “ ဟုတ်ကဲ့ ..၊ လေးစားလောက်ပါတယ်၊ ကြိုတင်ပြင်ဆင်မှုတွေ အင်မတိအင်မတန်မှပဲ အားရစရာကောင်းပြီး အတော့်ကို အကွက်စေ့လှပါတယ် .. ”

ပြောင်ရှည် ။ ။ “ ဒါပေါ့ဗျာ ကျုပ်တို့က ကမ္ဘာမှာ သူများနဲ့မတူအောင် လုပ်ပြတာလေ .. ”

လျှာရှည် ။ ။ “ မဲမပေးတဲ့လူတွေကို အတင်းဆွဲလားရမ်းလားလုပ်ပြီး ထည့်ခိုင်းမယ် ပြောနေကြတယ် ..၊ ဒါအမှန်ပဲလား .. ”

ပြောင်ရှည် ။ ။ “ အိုး.. နိုး..နိုး..၊ ဒါ ကောလဟာလပါ ..၊ ဒီလိုလုပ်ရင် သရုပ်ပျက်တယ်လေ ..၊ အဲဒီ လာမထည့်တဲ့ လူတွေအစား အထူးစပါယ်ရှယ်မဲပုံး ဂျက်ပေါ့စက်က သူ့လိုလို ဒိုင်စားပြီးသားဖြစ်သွားမှာပါ..၊ မပူပါနဲ့ ..၊ ”

လျှာရှည် ။ ။ “ ပြည်သူအများကတော့ အခုဖွဲ့စည်းပုံကို လုံးဝမကြေနပ်ဘူး ပြောတယ် ..၊ အဲဒါဘယ်လိုများ ဖြေရှင်းချက်ပေးချင် ပါသလဲ .. ”

ပြောင်ရှည် ။ ။ “ အဲဒီအတွက် ကျုပ်အနေနဲ့ ဘာမှမပြောနိုင်ဘူး ..၊ ဒါပေမယ့်တစ်ခုတော့ ပြောလို့ရတယ်..၊ အခုကျွန်တော်တို့ရဲ့ ဖွဲ့စည်း ပုံအခြေခံဥပဒေကတော့ ..၊ ဥပမာပေးရရင် .. ကျားမီးဆွဲကိုကို နဲ့ မျောက်မူးလဲမမ ရုပ်ရှင်ကားလိုပဲ ဆိုတာပါပဲ .. ”

လျှာရှည် ။ ။ “ ဟုတ်ကဲ့ .. သဘောပေါက်ပါပြီ .. ၊ ဂမ်ဘာရီ အခုမြန်မာပြည်ရောက်နေတော့ သူ့ကိုကော ဘာများရှင်းပြမယ်လို့ စဉ်းစားထားပါသလဲ .. ”

ပြောင်ရှည် ။ ။ “ ချိုမိုင်မိုင်လို့ပြောမှာပါ ”

လျှာရှည် ။ ။ “ ရုပ်မြင်ကြည့်ပရိသတ်အပေါင်းတို့ခင်ဗျာ ..၊ အခုမေလမှာ ကျင်းပမဲ့ ဆန္ဒခံယူပွဲနဲ့ ပါတ်သက်လို့ ဥက္ကဌဦးတောင်ဗြုန်းက သိသင့်သိထိုက်တာတွေကို ရှင်းပြပေးသွားပြီဖြစ်ပါတယ်။ ကျွန်တော်များ ပရိသတ်ကြီးကကော မျောက်မူးလဲခံပြီး ကျားအမြီးဆွဲမလား။ သူတို့ကတော့ ချိုမိုင်မိုင် လုပ်နေပြီ ဒီတော့ ဒီတော့…….။

ဟုတ်ကဲ့ပါခင်ဗျာ .. အခု.. ကျွန်တော်တို့ ရတဲ့ အချိန်လေးအတွင်းကနေပြီးတော့ စီစဉ်ပေးရတာ ဖြစ်လို့ အချိန်မလုံလောက်တာအတွက် တောင်းပန်အပ်ပါတယ်ခင်ဗျာ..၊ နောက်အပတ် ဒီအချိန်၊ ဒီနေရာလေးမှာတော့ ကျန်တဲ့ တွေ့ဆုံမေးမြန်းခန်း အစီအစဉ်တွေကို ထပ်မံ ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ ..။

ပြောင်ရှည်ရေးသားတင်ဆက်သည်။

Read More...